Home
မြန်မာသတင်း
ရန်ကုန်လူထု ရေဘေးအပြင်  လူမှုဒုက္ခများကိုပါ တွေ့ကြုံခံစားနေရ
DVB
·
October 22, 2024

ရန်ကုန်မြို့မှာ နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ရန်ကုန်လူထုဟာ ရေကြီးတဲ့ဒဏ်အပြင် လူမှုဒုက္ခတွေပါ တွေ့ကြုံခံစားနေရပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေကြောင့် မုန်တိုင်းညာဘက်မှာရှိတဲ့ မြန်မာနိုင်ငံအတွင်းက ရန်ကုန်မြို့ အပါအဝင် ကမ်းရိုးတန်းဒေသတွေက မုန်တိုင်းသက်ရောက်မှုကို ခံနေရတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ မြို့နယ် ၁၀ ခုထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး နေ့စဉ် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေ ခံစားနေရတဲ့ ရန်ကုန်လူထုက ရေကြီးရေလျှံမှုဒဏ်ကိုပါ ထပ်မံခံစားနေကြရပါတယ်။

ရန်ကုန်မှာ အောက်တိုဘာ ၂၁ ရက်က စတင်ရေကြီးခဲ့တာဖြစ်ပြီး လမ်းမပေါ် ရေတက်လို့ ကားမောင်းနေရင်း အင်ဂျင်ထဲ ရေဝင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ လမ်းတွေ ရေကျော်နေလို့ ကားမမောင်းနိုင်ဘဲ အုံနာကြေးအတွက် စိတ်ပူပန်နေရကြောင်း လှိုင်သာယာမြို့နယ်အတွင်းက အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

“အခု လှိုင်သာယာထဲမှာတော့ မိန်းလမ်းမကြီးကလွဲလို့ ရပ်ကွက်လမ်းတွေ တော်တော်များများက ရေကျော်နေတယ်။ မနေ့တုန်းကတော့ ရေတောထဲ ကားဖြတ်မောင်းတဲ့အတွက် ကားစက်က သေသေသွားတယ်၊ သုံးကြိမ်လောက်၊ တော်သေးတယ် မပျက်လို့။ ဟုတ်တယ် ဒီနေ့ ငုတ်တုတ် ဘယ်မှမသွားရသေးဘူး။ အိမ်က ထွက်လာကတည်းက လက်ဖက်ရည်ဆိုင်မှာ ငုတ်တုတ်၊ တက္ကစီကားက ဈေးဦးမပေါက်သေးဘူး ဆိုပါတော့။ ဘတ်ဂျက်ထိခိုက်တာပေါ့။ အုံနာကြေးလည်း ပေးရဦးမယ်။ အုံနာကြေးက တရက်ကို နှစ်သောင်းခွဲ၊ ဆယ်ရက်ကို နှစ်သိန်းခွဲ၊ ဆယ်ရက် တကြိမ် ရှင်းရတယ်။”

အောက်တိုဘာ ၂၂ ရက်အထိ ရန်ကုန်မှာ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သမိုင်း အပါအဝင် မြို့နယ် ၁၀ ခုထက်မနည်းမှာ ရေကြီးရေလျှံနေပြီး ရပ်ကွက်အနိမ့်ပိုင်းမှာ နေထိုင်သူတွေကတော့ နေအိမ်တွေထဲအထိ ရေဝင်နေပြီဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် ညကတည်းက ရေဆက်တိုက်တက်နေလို့ မွေးကင်းစကလေး တဖက်နဲ့ ဒုက္ခမျိုးစုံရင်ဆိုင်နေရကြောင်း မင်္ဂလာဒုံမြို့နယ် အေးသာယာရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

“မနေ့ညကဆိုရင် မိုးတွေက အရမ်းရွာပြီး ၃ နာရီ ၄ နာရီလောက်မှာ ရေတွေက တက်လာပြီး မနေ့ညကတည်းက မအိပ်ရတာလေ၊။ အိမ်ထဲထိ ရေတွေဝင်တော့ ကလေးနဲ့ဆိုတော့ ကလေးကိုချီပြီး ခုံလေးပေါ်မှာပဲ နေနေရတာပေါ့။  မိုးသာထပ်ရွာလို့ ရေတွေသာ ထပ်တက်လာမယ်ဆိုရင်တော့ အနီးအနားက နှစ်ထပ်အိမ်လေး ဘာလေးကို အကူအညီတောင်းပြီး တက်နေရမှပဲ အဆင်ပြေမှာပေါ့။ မနေ့ကဆို အိမ်မှာ တနေ့လုံး ထမင်းလည်း ချက်မစားရဘူး၊  မီးဖိုတွေလည်း အကုန်လုံးရွှဲ၊ မီးကလည်း တနေကုန်မလာ၊ ပြီးတော့ အိမ်သာတွေလည်း တက်လို့ အဆင်မပြေတော့ဘူး။ အိမ်သာထဲတွေလည်း အကုန်ရေတွေဝင်ဆိုတော့ မုန်တိုင်းရှိပြီဆိုရင် သတိထားပြီးနေမှကို အဆင်ပြေတာ၊ မဟုတ်ရင် မရဘူး။ အမြဲတမ်း နှစ်စဉ်နှစ်တိုင်း ရေတက်နေကြ အမြဲတမ်း ထမင်းထုပ်စားရတယ်၊ ဒီနှစ်တော့ အလှုရှင်မရှိတော့ ထမင်းထုပ်လည်း မစားရဘူး။”

ရန်ကုန်ရဲ့ မြို့လယ်နေရာတချို့မှာလည်း ရေကြီးရေလျှံနေပြီး ကားလမ်းတွေ ပိတ်ဆို့နေတဲ့အတွက် ဝန်ထမ်းတွေက အလုပ်သွား အလုပ်ပြန်လုပ်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။ ရေဝင်တာများတဲ့ မြို့နယ်တချို့က အခြေခံကျောင်းတချို့နဲ့ ဈေးတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာမယ့် မုန်တိုင်းငယ်က မြန်မာနိုင်ငံကို ဦးတည်လာတာမျိုး မရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ၂၂ ရက်ကနေ ၂၄ ရက်ထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ၃ လတာ ကာလအတွင်းမှာလည်း သဘာဝဘေးအန္တရာယ်နဲ့ ရေဘေးဒုက္ခ ခံစားခဲ့ရသူပေါင်း ၅ ဒသမ ၆ သန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013