အပူပိုင်းမုန်တိုင်း ထရာမီဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၆ ယောက်သေဆုံးပြီး လူပေါင်း ၁ သိန်းခွဲကျော် သူတို့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။
ရေကြီးမှုကြောင့် ဘန်ဂလိုအိမ်ခေါင်မိုးတွေအထိ ရေတွေမြင့်တက်ခဲ့တာကြောင့် ဒေသခံတွေဟာ သူတို့နေအိမ်တွေကနေ တိမ်းရှောင်ခဲ့ကြရပြီး ဘီကိုလ်နယ်မြေမှ လူအများစု အပါအဝင် လူပေါင်း ၁၆၃,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းခိုလှုံနေကြရကြောင်း အရပ်ဘက် ကာကွယ်ရေးရုံးက ပြောပါတယ်။
ဒေသအခေါ် ခရစ္စတင်းမုန်တိုင်းလို့ သိကြတဲ့ အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ပင်မကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းကြီးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးတော့ နေရာအနှံ့ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့်လည်း မုန်တိုင်းလမ်းကြောင်းရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်း အခု ၂၀ လောက် ဖြစ်ပွားတတ်ကြောင်း မှတ်တမ်းရှိထားပြီး မိုးသည်းထန်စွာ ရွာသွန်း လေပြင်းတိုက်ခတ်၊ မြေပြိုတာတွေလည်း ဖြစ်တတ်ပါတယ်။
Source-Reuters