အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဟာရီကိန်း ဟယ်လင်မုန်တိုင်းဒဏ် ခံရသူတွေအတွက် ချက်ချင်းအကူအညီပေးရေး အစီအစဉ်တွေကို အောက်တိုဘာ ၃ ရက်က ဂျော်ဂျီယာပြည်နယ် ဗာလ်ဒိုစ်တာမြို့ ခရီးစဉ်အတွင်းမှာ ကတိပြုခဲ့ပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ အပျက်အစီးတွေကို ဖယ်ရှားရတဲ့အတွက် ကုန်ကျစရိတ်တွေအားလုံးနဲ့ အရေးပေါ်အကာအကွယ် အစီအမံတွေ ၃ လတာအတွက် ကာမိစေဖို့ ဂျော်ဂျီယာ အုပ်ချုပ်ရေးမှူး ဘရိုင်ယန် ကန့်ပ်ရဲ့ တောင်းဆိုချက်ကို အတည်ပြုခဲ့ကြောင်း ဘိုင်ဒင်က ပီကန် စိုက်ပျိုးရေးခြံမှာ ပြောကြားခဲ့ပါတယ်။
အဲဒီနေ့အစောပိုင်းက ဘိုင်ဒင်ဟာ ဖလော်ရီဒါပြည်နယ်ရဲ့ မြို့တော် တားလဟာဆီကို သွားရောက်ခဲ့ပြီး ပယ်ရီမြို့လေးအနီးရှိ ပျက်စီးမှုတွေကို ရဟတ်ယာဉ်နဲ့ ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ကီတန်ကမ်းခြေရှိ မုန်တိုင်းဘေးမှ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ဆုံပြီး တင်ပြချက်တွေကို လက်ခံနားထောင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဝါရှင်တန်က မထွက်ခွာခင် သမ္မတ ဘိုင်ဒင်ဟာ ဘေးအန္တရာယ် တုံ့ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေမှာ ကူညီဖို့ တပ်ဖွဲ့ဝင် ၁,၀၀၀ ကို တာဝန်ချဖို့ ညွှန်ကြားခဲ့ပါတယ်။
မုန်တိုင်းဒဏ်ခံရသူတွေအတွက် ဒေါ်လာ ၁၀ သန်းကျော်ကို တိုက်ရိုက် ထောက်ပံ့ပေးထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
မုန်တိုင်း ဟယ်လင်ဟာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့မှာ ဖလော်ရီဒါကို အားပြင်းတဲ့ အမျိုးအစား ၄ ဟာရီကိန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဒီမတိုင်ခင်ကလည်း အရှေ့တောင်ပိုင်းပြည်နယ်တွေကို ရက်အတော်ကြာ ဖြတ်သန်းလာခဲ့ပြီး အပျက်အစီး လမ်းကြောင်း ဖြစ်ကျန်ခဲ့ပါတယ်။
CNN သတင်းအရ အဲဒီမုန်တိုင်းဟာ ပြည်နယ် ၆ ခုမှာ အနည်းဆုံးလူ ၂၀၀ ကို သေဆုံးစေခဲ့ပြီး ဒါဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း အမေရိကန်ရဲ့ အသေအပျောက်အများဆုံး ဟာရီကိန်းတခု ဖြစ်ပါတယ်။
Source-Reuters