Home
မြန်မာသတင်း
ဖားကန့်တိုက်ပွဲအတွင်း တိမ်းရှောင်နေရသည့် ပြည်သူများ အကူအညီလိုအပ်
DVB
·
October 4, 2024

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့  သိရပါတယ်။

စက်တင်ဘာ ၇ ရက်က ဆိုင်းတောင်ရွာမှာ စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံ ထောင်ချီ တောတောင် ယာခင်းတွေထဲနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြရတာ တလလောက် ရှိလာပြီ ဖြစ်ပါတယ်။

စစ်ရှောင်တွေထဲ သက်ကြီးရွယ်အို၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်နေတဲ့အတွက် ဆေးဝါးနဲ့ အစားအသောက် အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“အကုန်လုံး အသီးသီးနီးစပ်ရာ ရှောင်ကြတာ၊ ကျနော်တို့ တောင်ယာခင်းထဲမှာ ရှောင်ကြတာ ရာချီရှိတယ်။ အသက်ကြီးတဲ့သူ၊ အသက်ငယ်တဲ့သူ၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းတွေ ပါတယ်၊ ပါတော့ အဝေးကြီး မသွားနိုင်ကြဘူး။ အခုက တိုက်ပွဲဖြစ်တော့ ဆေးဆိုင်တွေလည်း မဖွင့်ဘူး။ တောင်ယာထဲမှာပဲ ဖြစ်သလို ရှာဖွေစားသောက်ရတယ်။ သယ်လာတုန်းကလည်း တနိုင်တပိုင်သယ်လာတာတွေလည်း ကုန်ပြီ။ အများစုက လူပဲပြေးလာနိုင်ကြတာ။ အဓိက ဆေးဝါးနဲ့ အစားအသောက်လိုအပ်နေတာ။ နေတာလည်း အဆင်ပြေသလို မိုးကာတဲထိုးနေကြတာပဲ။”

စက်တင်ဘာ ၇ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲမှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၂ ရက်နေ့က ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်လိုက်ပြီးနောက်မှာတော့ စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်တွေ မကြာခဏပြုလုပ်ခဲ့တာကြောင့် ဆိုင်းတောင်ရွာထဲက ဒေသခံနေအိမ် ၅၀၀ ထက်မနည်း ပျက်စီးခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့် မြို့ပတ်ဝန်းကျင်တဝိုက်ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်တာကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တွေက ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေကတော့ အကုန်ရှောင်နေကြတယ်။ တချို့က နီးစပ်ရာရှောင်ကြတယ်။ တချို့က မြစ်ကြီးနားဘက် ရှောင်ကြတယ်။ KIA၊ KPDF တို့က ဖားကန့်တပ်မကုန်းကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တာတွေ ရှိတယ်။ စကစဘက်ကလည်း ဖားကန့်တနေအိမ်တချို့လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာ ရှိတယ်။ လေယာဉ်ကလည်း ကြောက်ရနဲ့ အခု ၂ရ က်တော့ နည်းနည်းငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုပေမဲ့ အခြေအနေက တင်းမာနေတဲ့ အခြေအနေပေါ့။ ဖားကန့်ပတ်ပတ်လည်က KIA၊ KPDF တွေ နေရာယူထားတာ။”

မြို့ထဲက ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း တိမ်းရှောင်သူတွေနဲ့ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေအပါအဝင်  ဒေသခံ တသောင်းလောက် တိမ်းရှောင်နေကြရပြီး ငွေကြေးတတ်နိုင်တဲ့ ဒေသခံတချို့ကတော့ မြစ်ကြီးနားနဲ့ အခြားနေရာတွေကို ပြောင်းရွှေ့သွားကြသလို ဖားကန့်မြို့ပေါ်မှာလည်း စစ်ရှောင် ၆၀၀၀ လောက် ရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက သိရပါတယ်။  

ဆိုင်းတောင်ဘက်ခြမ်းမှာလည်း လပ်ကီးမန်းဟိုတယ်တဝိုက်မှာကဟ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဖားကန့်-ဆိုင်းတောင်လမ်းကိုလည်း KIA၊ KPDF အဖွဲ့က ဆိုင်းတောင်အဝင်အထွက် ပိတ်ထားတယ်လို့ သိရပါတယ်။

ဖားကန့်တပ်မကုန်းကိုလည်း KIA၊ KPDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်မှုတွေ ရှိနေပြီး လတ်တလော ဖားကန့်မြို့နဲ့အနီးတဝိုက်နဲ့ ဆိုင်းတောင်ရွာအနီးတဝိုက်ကတော့ စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013