စူပါတိုင်ဖွန်း မန်းယိဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းမကြီးဖြစ်တဲ့ လူဇုန်ကျွန်းကို နိုဝင်ဘာ ၁၇ ရက်က ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် မြို့တော်မနီလာမှာ မိုးသည်းထန်ပြီး နေရာအများအပြားမှာ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
လူပေါင်း တသန်းကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရကာ လေပြင်းတိုက်လို့ အိမ်တွေကနေ လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပြီး သစ်ကိုင်းကျိုးကျနေတဲ့ လမ်းတွေကို အလုပ်သမားတွေက ရှင်းလင်းပေးနေရပါတယ်။
လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်ရှိတဲ့ မုန်တိုင်းဟာ ကာတန်ဒွါနက်စ်ပြည်နယ်၊ ပန်ဂါနီဘန်မြို့ကို စနေနေ့ညမှာ ဝင်ရောက်တိုက်ခတ်အပြီး နည်းနည်း အားပျော့သွားခဲ့ပါတယ်။
ဒီမုန်တိုင်းဟာ ကာမာရီနက်စ်နော်တေပြည်နယ် ကမ်းရိုးတန်းရေပြင်ကို မနက် ၈ နာရီမှာ ရောက်မယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ခန့်မှန်း ပြောပါတယ်။
မန်းယိတိုင်ဖွန်းမုန်တိုင်းဟာ တနင်္လာနေ့ည ဖိလစ်ပိုင်မြောက်ပိုင်းက လူဇုံပြည်နယ် အပါအဝင် ပြည်နယ်တွေကို ဖြတ်ကျော်တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းက လေပြင်း တနာရီ ၁၇၁ မိုင်နှုန်းနဲ့ တိုက်ခတ်လို့ သစ်ပင်တွေ ကျိုးပြတ်ကျခဲ့တာကို ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။
တလအတွင်း ဖိလစ်ပိုင်ကို ဝင်ရောက် တိုက်ခတ်တဲ့ ဆဋ္ဌမမြောက် မုန်တိုင်း မန်းယိဟာ အခုတော့ လူဇုံကျွန်းရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဆီ ဦးတည်နေပါတယ်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံကို ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်း ၂၀ လောက် ၀င်ရောက် တိုက်ခတ်ပြီး မိုးသည်းတာ၊ လေပြင်းတိုက်တာနဲ့ မြေပြိုတာတွေ ဖြစ်လေ့ရှိပါတယ်။
ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း တိုင်ဖွန်းမုန်တိုင်း ၃ လုံး တိုက်ခတ်ခဲ့တာပါ။ နိုဝင်ဘာ ၃ ရက်ကစပြီး တိုင်ဖွန်း ယဉ်ရှင်း၊ တိုရာ့ဂျိ၊ အူစငိနဲ့ မန်းယိတို့အပါအဝင် မုန်တိုင်း ၄ လုံး တပြိုင်တည်းဖြစ်နေတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ဖိလစ်ပိုင်မှာ အောက်တိုဘာလအစောပိုင်းက အပူပိုင်းမုန်တိုင်းထရာမီနဲ့ တိုင်ဖွန်းကွန်းရေးတို့ ဝင်ရောက် တိုက်ခတ်လို့ အပြင်းအထန် ရေလွှမ်းမိုးခဲ့ပြီး မြေပြိုလို့ လူပေါင်း ၁၆၂ ဦး သေဆုံးခဲ့ ပါတယ်။
Source: Reuters