Home
နိုင်ငံတကာ
ဖိလစ်ပိုင် ဒုသမ္မတကို လုံခြုံရေးကောင်စီဝင်အဖြစ်မှ ဖယ်ရှား
DVB
·
January 4, 2025
Photo-Reuters

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ ဒုသမ္မတ ဆာရာ ဒူတာတေးကို အမျိုးသား လုံခြုံရေးကောင်စီကနေ တာဝန်ဖယ်ရှားဖို့ အမိန့်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ မနှစ်က မဟာမိတ်ဟောင်း ၂ ဦးကြား ခါးသီးတဲ့ အကွဲအပြဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကို ပြန်လည်ဖွဲ့စည်းရာမှာ ကောင်စီအဖွဲ့ဝင်တွေဟာ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း သမ္မတ မားကို့စ်က ပြောကြားခဲ့ပါတယ်။ 

“လောလောဆယ်မှာ ဒုသမ္မတကို အမျိုးသားလုံခြုံရေးကောင်စီ (​​NSC) မှာ အဖွဲ့ဝင် တာဝန်တွေနဲ့ မသက်ဆိုင်တော့ပါဘူး" လို့ သမ္မတရဲ့ အမှုဆောင်အတွင်းရေးမှူး လူးကပ်စ် ပီ ဘယ်ဆာမင် က ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။ 

အမျိုးသားလုံခြုံရေးကောင်စီကို ပြန်လည်ဖွဲ့စည်းမှုဟာ စိန်ခေါ်မှုအသစ်တွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ ခံနိုင်ရည်အားကောင်းတဲ့ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းအဖြစ် အာမခံနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဒီဇင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၃ ရက် ထုတ်ပြန်တဲ့ အမိန့်အရ သိရပါတယ်။ 

မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဒုတိယသမ္မတရုံးက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ 

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ရဲ့ သမီးဖြစ်သူ လက်ရှိ ဒုသမ္မတ ဆာရာ ဒူတာတေးဟာ လက်ရှိမှာ အဂတိလိုက်စားမှု၊ အရည်အချင်း မရှိမှုနဲ့ စည်းစိမ်ဥစ္စာတွေ စုဆောင်းနေမှုတွေနဲ့ စွပ်စွဲပြစ်တင်မှုတွေကို ရင်ဆိုင်နေရတာပါ။ သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

ဒူတာတေးဟာ သူသာ အသတ်ခံရမယ်ဆိုရင် သမ္မတနဲ့ သမ္မတကတော်အပြင် သမ္မတနဲ့ ဝမ်းကွဲတော်စပ်သူ အောက်လွှတ်တော် ဥက္ကဋ္ဌ တို့ကို သတ်ပစ်ဖို့ လုပ်ကြံရေးသမားနဲ့ ပြောဆို စာချုပ်ထားတယ်လို့ ပြောခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီမှတ်ချက်တွေဟာ သူနဲ့ မသက်ဆိုင်တဲ့စကားတွေ ဆိုပြီး အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013