
တရုတ်နိုင်ငံသား Mr.Luo Fei ဟာ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကိုထွက်ခွာဖို့လုပ်နေတဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒလမြို့မ ရဲစခန်းဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“လူကုန်တားက တယောက်မိတယ်။ ဒလကိုလွှဲပေးလိုက်တယ်။ အားလုံး ၄ ယောက်၊ ၃ ယောက် ကျန်သေးတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က တရုတ်နိုင်ငံသား Mr.Luo Fei နဲ့ အဖော်လိုက်ပါသူ ၃ ယောက်ဟာ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်က ကျောင်းသူမိန်းကလေး ၂ ယောက်ရဲ့အိမ်ကိုသွားပြီး ငွေကြေးလက်ဆောင်ပေးခဲ့သလို တရုတ်သားသမားအဖြစ်လုပ်ဖို့စည်းရုံးပြီး အဲဒီဗွီဒီယိုတွေကို အွန်လိုင်းပေါ်မှာလည်း ၂ ကြိမ် တင်ခဲ့တာပါ။
မိန်းကလေးတွေရဲ့အိမ်ကိုသွားတဲ့ပထမနေ့က Mr.Luo Fei နဲ့အတူ တရုတ်လူမျိုး ၁ ယောက်နဲ့ စကားပြန် မသီတာအောင်ဆိုသူ အမျိုးသမီး၊ ဆိုက်ကားနဲ့လိုက်ပို့ခဲ့တဲ့ အောင်ဇော်ဦး (ခ) ဟာမီဒူလာဆိုသူ အမျိုးသားတို့ပါဝင်တယ်လို့ သိရပါတယ်။
သူတို့က အဲဒီကျောင်းသူမိန်းကလေးကို အွန်လိုင်းပေါ်မှာတွေ့ပြီး လှလို့ အခုလိုအိမ်ကိုလာတာဆိုတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံသားတွေအတွက် မိန်းမရှာပေးနေကြောင်း လက်ထပ်ပြီး ဒီမှာနေချင်တယ်ဆိုလည်း အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။
မြို့ခံတယောက်က “ကျိန်းသေတာက တရုတ်တဦးကို မိထားပြီ။ ကျန်တဲ့သူတွေက မိကြောင်းတော့ သတင်းမဝင်သေးပါဘူး။ ကလေးတွေက Grade 10 လား၊ အဲလောက်ပဲ ရှိဦးမယ်။ ၁၅ နှစ်၊ ၁၆ နှစ်တွေ။ သူတို့ကို လိုက်ပို့တဲ့ ဆိုက္ကားသမားကောင်လေးတော့ ခေါ်စစ်ခံထားရတယ်” လို့ ပြောပါတယ်။
နေအိမ်ထဲဝင်ရောက်ပြီး ဆယ်ကျော်သက်မိန်းကလေး ၂ ယောက် အပါအဝင် မိသားစုဝင် ၅ ယောက်ကို မြန်မာငွေ ၁ သောင်းကျပ်စီပေးခဲ့တဲ့အပြင် နောက်တနေ့မှာ ကျောင်းစိမ်းဝတ်စုံနဲ့ လမ်းလျှောက်ပြခိုင်းခဲ့တဲ့ ရုပ်သံဟာ တစ်တော့လူမှုကွန်ယက်မှာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ များပြားခဲ့တာ ဖြစ်ပါတယ်။
“နယ်ဘက်တွေအဖြစ်များတယ်။ ဆင်းရဲပြီး ပညာရေးအခြေခံအားနည်းတဲ့သူတွေကို ပစ်မှတ်ထားပြီး လူကုန်ကူးတာ၊ လက်ဆောင်ပေးမယ် ငွေပေးမယ်၊ အိမ်တွေဘာတွေပြင်ပေးမယ်၊ ပြီးရင်လူကိုယူရော” လို့ ပြောပါတယ်။
ဒလမြို့မရဲစခန်းက Mr.Luo Fei ကို စစ်ဆေးနေပြီး ဖမ်းဆီးဖို့ကျန်တဲ့ တရုတ်နိုင်ငံသား ၁ ယောက်၊ ကိုအောင်ဇော်ဦး (ခ) ဟာမီဒူလာ၊ မသီတာအောင် တို့ကို (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။