
ကျားဖြန့်လုပ်ငန်းအတွက် အဓမ္မလူကုန်ကူးခံထားရသူ ၆၁ ယောက်ကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပြီး ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှာလည်း ကျားဖြန့်လုပ်နေတဲ့ အယောက် ၇၀ လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့သတင်းဌာနတွေကို ပြောဆိုထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျားဖြန့်နှိမ်နင်းရေး လုပ်နေတဲ့အကြောင်းနဲ့ ပါဝင်ဆောင်ရွက်နေသူတွေအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူတွေ ပတ်သက်နေလို့ရှိရင် အားလုံးကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းကို လိုက်လံနှိမ်နင်းရာမှာ မြဝတီမြို့၊ ရွှေကုက္ကိုနဲ့ KK Park နယ်မြေအတွင်းမှာ အွန်လိုင်းလိမ်လည်မှု အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ဖို့ အဓမ္မလူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား ၃၉ ယောက်၊ ကာဇက်စတန်နိုင်ငံသား ၁ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ယောက်၊ အီသီယိုးပီးယားနိုင်ငံသား ၁ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၁ ယောက်၊ မလေးရှားနိုင်ငံသား ၁ ယောက်၊ အိန္ဒိယနိုင်ငံသား ၁၃ ယောက်၊ စုစုပေါင်း ၆၁ ယောက်တို့ကို ဖော်ထုတ်ရရှိပြီး ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်းနိုင်ငံ တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
သူတို့ကို စစ်ဆေးရာမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘာသာပြန်လုပ်ငန်းတွေမှာ လစာအများအပြားရမယ်လို့ အွန်လိုင်းကနေတဆင့် သွေးဆောင်စည်းရုံးခံရလို့ သက်ဆိုင်ရာနိုင်ငံ အသီးသီးကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကတဆင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ရောက်လာပြီး ကျားဖြန့်လုပ်ငန်းကိုယ်စားလှယ်တွေက သောင်ရင်းမြစ်ကို ဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာလုပ်ဖို့ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတယ်လို့ သိရကြောင်း ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့၊ မိုင်းဟဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ နောင်ဟန်ရွာနားမှာ ကျားဖြန့်လုပ်နေတဲ့ အဆောက်အအုံ ၇ လုံးကိုတွေ့လို့ ဝင်ရောက်ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဖုန်း ၁၈၁ လုံး၊ လက်ပတော့ ၂၅ လုံး၊ Desktop ၂၁ လုံး၊ ကီးဘုတ် ၂၈ ခုနဲ့ ဝိုင်ဖိုင်စက် ၂ လုံး၊ စတားလင့် အင်တာနက်ဆက်သွယ်ရေး စက် ၂ စုံနဲ့ ဆိုလာတွေ ဘက်ထရီတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မိုင်းရယ်မြို့အရှေ့တောင်ဘက် သတင်းရတဲ့နေရာကို သွားရောက် ရှင်းလင်းတဲ့အခါမှာ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင် ၅ ယောက်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေဆုံးဒဏ်ရာရတာရှိသလို တရုတ်နိုင်ငံသား ကျား ၇ ယောက်၊ မ ၁ ယောက်၊ မြန်မာနိုင်ငံသား ကျား ၈ ယောက်၊ မ ၄ ယောက်တို့ကို လက်နက် ၆ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီနယ်မြေကို ဖေဖော်ဝါရီ ၆ ရက်နေ့က အသေးစိတ်စစ်ဆေးရာမှာ မိုင်းကောင်ရဲ့ အနောက်တောင်ဘက် ၂ နေရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ်နိုင်ငံသား ကျား ၃ ယောက်၊ မ ၁ ယောက်၊ ဗီယက်နမ်နိုင်ငံသား မ ၁၈ ယောက်၊ မြန်မာနိုင်ငံသား ကျား ၂ ယောက်၊ မ ၂၅ ယောက်၊ စုစုပေါင်း ၄၅ ယောက် တို့ကို ကွန်ပျူတာ ၇၂ လုံး၊ Star Link အင်တာနက်စက် ၅ လုံး၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့လို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။