Home
မြန်မာသတင်း
ကျားဖြန့်နှိမ်နှင်းရေး BGF ခေါင်းဆောင် စောချစ်သူကို အရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း 
DVB
·
February 10, 2025
Photo: Rangsiman Rome

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အမြစ်ပြတ်နှိမ်နင်းရေးအတွက် လျှပ်စစ်မီး၊ အင်တာနက်လိုင်းနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ရုံနဲ့တင် မလုံလောက်ဘဲ အဓိကတရားခံဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူကိုပါ ဖမ်းဆီးအရေးယူဖို့  ထိုင်းနယ်စပ်ရေးရာ အမျိုးသားလုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ People’s Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက ပြောပါတယ်။

“ထိုင်းအစိုးရအနေနဲ့ ကောလ်စင်တာ (ကျားဖြန့်ဂိုဏ်း) နှိမ်နှင်းရေးကို ဒီထက်ပိုပြီး လုပ်ဆောင်ဖို့  ကျနော်ထပ်ပြောချင်တယ်။ ဒီလိုမှမဟုတ်ရင် ပြီးဆုံးတော့မှာမဟုတ်ဘူး။ ကောလ်စင်တာဂိုဏ်းကို အပြတ်နှိမ်နင်းဖို့  ကျနော်အဆိုပြုတယ်” လို့ နိုင်းရန်းဆီမန်းရုမ်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

“SMTY ကုမ္ပဏီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးကုမ္ပဏီ) ဟာ မူးယစ်ဆးဝါးနဲ့ ပတ်သက်နေတယ်လို့ ကျနော်ပြောဖူးတယ်။ စိတ်ဝင်စားစရာက မူးယစ်ဆေးကိစ္စကို ဆက်ပြီးမစုံစမ်းကြဘူး။ ပြီးတော့ စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဟာ ကောလ်စင်တာဂိုဏ်းတွေအတွက် မြေကွက်ငှါးပေးခဲ့တယ်။ ရွှေကုက္ကိုလ်နဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံတယ်၊ ကောလ်စင်တာအလုပ်ကနေ ထိုင်းနဲ့တကွ ကမ္ဘာတဝန်းက နိုင်ငံခြားသားတွေကို ဘယ်လောက်ဒုက္ခပေးသလဲ။  ငွေလိမ်ယူရုံတင်မကဘဲ အဲဒီလုပ်ငန်းဟာ လူကိုကျွန်ပြုသေးတယ်။  ကျနော်ထင်တယ်၊ ထိုင်းအစိုးရ အထူးသဖြင့် ရဲတပ်ဖွဲ့အနေနဲ့ စောချစ်သူကို ပြတ်ပြတ်သားသားအရေးယူဖို့ အချိန်တန်ပြီ။ သူ့ရဲ့လုပ်ရပ်တွေဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာပြင်ပမှာလို့ ဆိုပေမဲ့ ကျနော်တို့နိုင်ငံပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။ ဒါကြောင့် စောချစ်သူကို ကောလ်စင်တာခေါင်းဆောင်အနေနဲ့ အရေးယူတာဟာ လျော်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။”

ဒါ့အပြင် စောချစ်သူဟာ ထိုင်းအစိုးရဝန်ထမ်းတွေရဲ့  လျှို့ဝှက်ချက်တွေကို ထိန်းချုပ်ထားပြီး ပမာဏအလွန်များတဲ့ ငွေတွေ လာဘ်ထိုးထားတယ်လို့လည်း လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက စွပ်စွဲပြောပါတယ်။

“စောချစ်သူကို ဖမ်းမိရင် ဘယ်သူက ဘယ်လိုလာဘ်စားတယ်ဆိုတာ သူဖွင့်ဟမယ်လို့ ကျနော်ထင်တယ်။ ဒါဟာ သေနတ်တချက်ပစ်ရုံနဲ့ ငှက်တကောင်ထက်ပိုပြီး ရလိမ့်မယ်၊ ၁၀ ကောင်  ဒါမှမဟုတ် အကောင် ၁၀၀ လည်းရနိုင်မယ်။ တရုတ်ဒုစရိုက်သားတွေအပြင် ထိုင်းဒုစရိုက်သားတွေပါ နှိမ်နင်းနိုင်မယ်။ အစိုးရအနေနဲ့ ဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။”

ကရင်နယ်ခြားစောင့်တပ် (BGF) ကတော့ ကျားဖြန့်အွန်လိုင်းလောင်းကစားတွေကို လက်မခံတဲ့ အကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းလွှတ်တော်အမတ်က ခုလိုရေးသားထားတာနဲ့ တချိန်တည်းမှာဘဲ မြဝတီမြို့နယ် ကျားဖြန့်ဂိုဏ်းကနေ ကင်ညာနိုင်ငံသားတယောက် ထိုင်းဘက်ခြမ်း ဖုပ်ဖရမြို့နယ်ဘက်ကို ထွက်ပြေး လွတ်မြောက်လာတယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

သူနဲ့တကွ အပေါင်းပါ အယောက် ၅၀ လောက်ဟာ ဖေဖော်ဝါရီ ၉ ရက် မနက် ၂ နာရီလောက်က ကျားဖြန့်ရုံ တံတိုင်းပေါ်တက်ပြီး ထွက်ပြေးဖို့ပြင်ခဲ့ကြပေမဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေက ပြန်လိုက်ဖမ်းလို့ တကွဲစီဖြစ်သွားပြီး သူတယောက်တည်း လွတ်လာတယ်၊ အဲဒီရုံမှာ ကျားဖြန့်အလုပ် အဓမ္မခိုင်းစေခံနေရသူ ၁,၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ကင်ညာနိုင်ငံသားက ထိုင်းရဲတွေကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က တရုတ်ဒုစရိုက်သားတွေဦးစီးတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းကို နှိမ်နင်းဖို့  ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး ကရင်ပြည်နယ် မြဝတီမြို့၊ ဘုရားသုံးဆူမြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တွေကို လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ထားပါတယ်။

Source: Rangsiman Rome FB / 3 Plus News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013