
ထိုင်းတွေ အပါအဝင် ကမ္ဘာအနှံ့က လူတွေကို အွန်လိုင်းကနေ လိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေ အမြစ်ပြတ်နှိမ်နင်းရေးအတွက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူနဲ့ အပေါင်းပါတွေကို တရားစွဲအရေးယူဖို့ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (DSI) က ပြင်ဆင်နေတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။
DSI လက်အောက်ခံ လူကုန်ကူးမှုနှိမ်နင်းရေးဌာန တာဝန်ရှိသူတွေဟာ စောချစ်သူနဲ့ အပေါင်းပါတွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့အတွက် သက်သေအထောက်အထားတွေယူပြီး ဖေဖော်ဝါရီ ၁၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက ထိုင်းတရားရေးဌာနနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေ သွားရောက်တိုင်ပင် ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တာဝန်ရှိသူတွေဟာ မြဝတီ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်းကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်ခဲ့တာမှာ သက်သေအထောက်အထားတွေ ရခဲ့တာကြောင့် စောချစ်သူ တို့ကို လူကုန်ကူးမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
တရားစွဲဆိုမယ့်သူတွေထဲမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပြင် ဒုဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ ပါ၀င်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတရားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ထဝီး ဆောတ်ဆွန်က “မောင်ချစ်သူတို့ကို ဖမ်းဝရမ်းထုတ်မယ့်ကိစ္စက ကြာပါပြီ။ ထိုင်းနိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံမှာ ပိတ်လှောင်ခံထားရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာက မောင်ချစ်သူကို လူကုန်ကူးမှုနဲ့ ပတ်သက်တယ်လို့ စွပ်စွဲထားတာရှိတယ်။ ထိုင်းနိုင်ငံသားကြောင့်ချည်းပဲ မဟုတ်ဘူး၊ တခြားနိုင်ငံသားတွေလည်း ပါသေးတယ်” လို့ ပြောပါတယ်။
ဖမ်းဝရမ်းထုတ်မယ့်အဆင့်ကို ရောက်ဖို့အတွက် DSI က လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့ ဆောင်ရွက်နေကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီး ထိုင်းနိုင်ငံကို လာသွားတာနဲ့ မပတ်သက်ကြောင်း၊ ဒီကိစ္စက နိုင်ငံအချုပ်အခြာအာဏာရဲ့ ပြင်ပနဲ့ ဆိုင်တဲ့အမှုဖြစ်ပြီး DSI အနေနဲ့ သေသေချာချာ ကိုင်တွယ်ပြီး ငွေကြေးခဝါချမှုတွေပါ စုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်း၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးချုပ် ထဝီးဆောတ်ဆွန်က “DSI ရဲ့ လုပ်ဆောင်ချက်မှာ အဂတိလိုက်စားမှုမရှိဘူး၊ သက်သေ အထောက်အထားတွေပေါ်မှာပဲ အခြေပြုတယ်၊ မောင်ချစ်သူကို ဖမ်းမိဖို့က မခက်ခဲဘူးလို့ ယုံကြည်တယ်။ မြန်မာနိုင်ငံ ခေါင်းဆောင်ပေါ်မှာ မူတည်တယ်၊ လူကုန်ကူးမှုနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ တခြားနိုင်ငံတွေနဲ့လည်း နီးနီးကပ်ကပ် ချိတ်ဆက် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဘက်ကတော့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို လက်မခံကြောင်း ပြောထားသလို DKBA အဖွဲ့ကလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေ ထွက်သွားကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်နဲ့ ဖုပ်ဖရမြို့နယ် တဘက်ကမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူနဲ့ ဒုစရိုက်လုပ်ကိုင်နေသူတွေ သောင်းနဲ့ချီရှိနေပြီး ဒီကိစ္စမှာ BGF ခေါင်းဆောင် စောချစ်သူဟာ မြေဧကပေါင်း ၅၀ ကျော်ကို ငှါးပေးထားတဲ့အပြင် ရွှေကုက္ကိုလ်စီမံကိန်းမှာ ပါဝင်ရင်းနှီးမြှုပ်နှံထားတယ်၊ ထိုင်းအာဏာပိုင်တွေကိုလည်း လာဘ်ထိုးထားတယ်လို့ ထိုင်းနယ်စပ်ရေးရာ အမျိုးသားလုံခြုံရေး ကော်မရှင်ဥက္ကဋ္ဌ People’s Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက စွပ်စွဲထားပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ ၂၀၂၄ ခုနှစ် စစ်တမ်းအရ ထိုင်းနိုင်ငံသား ၃၆ သန်းဟာ အွန်လိုင်း လိမ်လည်မှုတွေမှာ ပစ်မှတ်ထားခံရပြီး အဲဒီထဲက ထက်ဝက်လောက်က သားကောင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Source: Thai PBS