Home
မြန်မာသတင်း
သူငယ်ချင်းကို ကျားဖြန့်ဂိုဏ်းဆီ ရောင်းချခဲ့သည့် တရုတ်အမျိုးသား ထောင် ၇ လ ချမှတ်ခံရ
DVB
·
February 12, 2025

မြန်မာနိုင်ငံထဲက ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတခုထဲ ယွမ်ငွေ ၈,၀၀၀ နဲ့ သူငယ်ချင်းဖြစ်သူကို လှည့်ဖြားခေါ်ဆောင်ရောင်းချခဲ့တဲ့ တရုတ်နိုင်ငံသား အမျိုးသားတယောက်ဟာ ထောင်ဒဏ် ၇ လ ချမှတ်ခံခဲ့ရတဲ့အကြောင်း The Standard HK သတင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်က ဖော်ပြပါတယ်။

လီ အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ အလယ်တန်းကျောင်းတုန်းက သူ့ရဲ့ အတန်းဖော် ဟောင်းဖြစ်တဲ့ ကျန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂ ရက်မှာ ထိုင်းနိုင်ငံဆီ ဆွဲဆောင် ခေါ်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံဘက် ပို့ဆောင်ကာ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ အတင်းအကျပ် ဖိအားပေးခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်းက သူငယ်ချင်းဖြစ်သူကို သူ့အနေနဲ့ “မလွတ်မြောက်နိုင်တော့ကြောင်း”နဲ့ ကိုယ်ထိ လက်ရောက် ထိခိုက်နာကျင်မှာကြောက်တဲ့အကြောင်း စာပေးပို့ခဲ့ပြီးနောက် သူဟာ ၂၀၂၃ ခုနှစ်၊ မေ ၁ ရက်ကတည်းက အချိန် ၂ နှစ်နီးပါးကြာအောင် ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရားခံ လီ ဟာ ကျားဖြန့်သားကောင်ဖြစ်ခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူရဲ့ မိသားစုဆီကနေ နာမည်အမျိုးမျိုးနဲ့ ပြန်ရွေးငွေ ယွမ် ၅ သောင်းကနေ ၁ သိန်းအထိ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းရဲ့ မိခင်ဖြစ်သူဟာ ယွမ်ငွေ ၄,၂၀၀ ကို လွှဲပေးခဲ့ပြီး သားဖြစ်သူနဲ့ ဗွီဒီယိုကောလ် ပြောခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

တရားခံဖြစ်တဲ့ လီ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်မှာ ရဲတွေက ဘိုလာကောင်တီမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရားရုံးက လီ ရဲ့ လုပ်ဆောင်မှုဟာ စနစ်တကျ လုပ်ဆောင်တဲ့ လှည့်ဖြားမှု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် သူ့ကို ထောင်ဒဏ် ၇ လနဲ့ ဒဏ်ကြေးငွေယွမ် ၅,၀၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

ကျားဖြန့်သားကောင်ဖြစ်ခဲ့ရတဲ့ ကျန်းရဲ့ ပြန်လည်လွတ်မြောက်လာမှု ရှိ၊ မရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ သတင်းမှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013