Home
မြန်မာသတင်း
ညစ်ညမ်းစာပေထုတ်ဝေမှု စွပ်စွဲချက်ဖြင့် ပုံနှိပ်ထုတ်ဝေသူအမျိုးသမီး ၄ ဦးကို စစ်ကောင်စီ တရားစွဲ
DVB
·
February 11, 2025

ညစ်ညမ်းစာတွေကို ပုံနှိပ်၊ ထုတ်ဝေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ အမျိုးသမီး ၄ ယောက်ကို လုပ်ငန်းပိတ်သိမ်းတရားစွဲဆိုထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ လုပ်ငန်းရှင်တွေဟာ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ) ပါ ညစ်ညမ်းစာတွေကို ဖော်ပြတာ၊ စည်းကမ်းချက်ကိုဖောက်ဖျက်ပြီးတော့ ဟီရိ ဩတ္တပ္ပကင်းတဲ့၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံတဲ့၊ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချိခဲ့ကြောင်း တွေ့ရှိရတာကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းတာ၊ ထုတ်ဝေစာအုပ်တွေကို တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာတာ၊ ဥပဒေနဲ့ အညီ တရားစွဲဆိုတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ စာရေးသူ Hnaung ရဲ့  “Personal Stylist” နဲ့ “I Am Your Baby Father” စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ မြဧရာပုံနှိပ်တိုက်မှ ဒေါ်ယုယုအေးနဲ့ Parallel Book House မှ ဒေါ်ထက်ထက်ဝေ၊ စာရေးသူ hAnn 63 ရဲ့ “ညို”၊ စာရေးသူ North Star ရဲ့ “AhMoon” စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ Star Printing မှ ဒေါ်မျိုးပပလှိုင်နဲ့ ပစ္စုပ္ပန်စာပေမှ ဒေါ်ရီရီဆန်းတို့ကို ပူးတွဲဖော်ပြထားတာကို တွေ့ရပါတယ်။

စာရေးသူတွေကို အရေးယူမယူနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားတာ မတွေရပါဘူး။

ဒါ့အပြင် ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ ဥပဒေပါစည်းကမ်းချက်တွေကိုဖောက်ဖျက်ပြီးတော့ ပုံနှိပ်၊ ထုတ်ဝေတာတွေကို ပြုလုပ်ပါက ဥပဒေနဲ့အညီ တရားစွဲဆိုဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကို ပြင်ဆင်လိုက်ပြီး ပြည်တွင်းပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ပိုပြီးတော့ တင်းကျပ်လာနေတာပါ။

အရင်မူလဥပဒေမှာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေ၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူအေး ချမ်းသာယာရေးကို ထိခိုက်စေမယ့်အကြောင်းအရာတွေ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုတွေကို အားပေးလှုံ့ဆော်တဲ့ ဖော်ပြမှုတွေမလုပ်ဖို့ တားမြစ်ထားတာဖြစ်ပြီး ထပ်မံပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ အဲဒီ တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ သတင်းပေးပို့ခံရလို့ စစ်ဆေးတွေ့ရှိရင်လည်း လုပ်ငန်းလိုင်စင်ကို ပြန်လည်ရုပ်သိမ်းတာ၊ ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာတွေ လုပ်နိုင်တယ်လို့ အသစ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ အရင်က တရားမဝင်ထုတ်ဝေတဲ့စာအဖြစ် ကြေညာနိုင်ဖို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသကြီး၊ ခရိုင်တရားရုံးတွေကနေ သွား ခိုင်းထားပြီး အခုပြင်ဆင်ချက်မှာတော့ အဲဒီအဆင့်တွေကို ဖယ်ရှားကာ နိုင်ငံတော် ပြန်တမ်းမှာ တန်းကြေညာခွင့် ရှိတယ်ဆိုပြီး ပြင်ဆင်လိုက်တာပါ။

စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက ဖိနှိပ်ကန့်သတ်မှုတွေထဲ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ဦးတည်လာသလို ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေဟာ အရင်ကလောက် လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ရေးသားတဲ့ အသုံးအနှုန်းအကြောင်းအရာတွေကိုပါ သတိထားပြီး ထုတ်ဝေလာနေရတာလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်တုန်းကတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးသားထားတဲ့စာအုပ်ကို တင်သွင်း၊ ဖြန့်ချိ ရောင်းချခဲ့တဲ့အတွက် လွင်ဦးစာပေတိုက်ကို  စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်လိုက်တာတွေ ရှိသလို ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒ စာအုပ်ကို ပြန်လည်ထုတ်ဝေခဲ့တဲ့ ဝင်းတိုးအောင်ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်ကို ပုံနှိပ်ထုတ်ဝေခွင့်ပိတ်လိုက်ပြီး စာအုပ်တိုက်ကို တရားစွဲဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် လိင်တူအမျိုးသားချင်း ချစ်ကြိုက်မှုအကြောင်းကို ဇာတ်လမ်းဖြစ်တဲ့ ''My Possessive Step-Bro'' စာအုပ်ကို ထုတ်ဝေတဲ့ ရွှေလာဘ်စာပေကိုလည်း ညစ်ညမ်းစာ ပေထုတ်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို ကံ ကောင်းခြင်းအိမ်ငယ်လေးဆိုတဲ့ စာအုပ်တိုက်လည်း ညစ်ညမ်းစာပေထုတ်တယ်ဆိုပြီး  ပိတ်သိမ်းခံခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013