
ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေသူ ၃ ဦးကို အိမ်ရှင်အမျိုးသားတယောက်က ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဘယ်ကနေ ဘယ်လိုစဖြစ်လဲတော့ မသိဘူး၊ အိမ်ရှင်က ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့သွားတာ။ ဘေးပတ်ဝန်းကျင်က မီးဝိုင်းသတ်ပေးလို့ လူတွေမသေတာ။ ၃ ယောက်စလုံး ဒဏ်ရာရတယ်၊ ရာအိမ်မှူးက တကိုယ်လုံးဒဏ်ရာရတယ်၊ ကျန်တဲ့ ၂ ယောက်က ဒဏ်ရာရတာ နည်းတယ်။”
ဒဏ်ရာရသူတွေအား လူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသထားရပြီး ပြစ်မှုကျူးလွန်သူကိုတော့ ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေါပုံရဲစခန်း နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“လူဦးရေစာရင်း မဲစာရင်းကောက်ရုံလောက်နဲ့ ဖြစ်တာမဟုတ်လောက်ဘူး၊ စာရင်းကောက်တဲ့ သူတွေက မခံနိုင်တဲ့ စကားမျိုးတွေပြောလို့ အိမ်ရှင်က လက်တုံ့ပြန်တာဖြစ်မယ်။ စခန်းမှာတော့ အမှုဖွင့်ထားတယ်၊ ပြစ်မှုကျူးလွန်သူကို မမိသေးဘူး။”
ရွေးကောက်ပွဲမှာ မဲစာရင်းများမှန်ကန်မှုရှိရေးအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကျန်ရှိနေတဲ့ လူဦးရေစာရင်းကို ထပ်မံကောက်ယူဖို့ ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲမှာ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။