Home
နိုင်ငံတကာ
ဂျာမနီ အဓိပတိလောင်းများ စကားစစ်ထိုး
DVB
·
February 11, 2025
Photo : DUELL/ARD/ZDF

ရွေးကောက်ပွဲအကြို ဂျာမနီအဓိပတိလောင်းတွေ စကားစစ်ထိုးပွဲအဖြစ် လက်ရှိအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်နဲ့ စိန်ခေါ်သူ ဖရိုင်းဒရစ်မာ့ဇ်တို့ ဖေဖော်ဝါရီ ၉ ရက်က စကားစစ်ထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ပထမအကြိမ် စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရမ့်ပ်၊ လက်ယာစွန်းဝါဒနဲ့ NATO အဖွဲ့ကိစ္စက အဓိက လွှမ်းမိုးခဲ့ပါတယ်။

ဆိုရှယ်ဒီမိုကရက်တယောက်ဖြစ်တဲ့ လက်ရှိအဓိပတိ ရှို့လ်ဇ်ဟာ လုပ်ရဲကိုင်ရဲမရှိတဲ့အတွက် ဂျာမနီ စီးပွားရေး အကျပ်အတည်း ကြုံရတယ်လို့ ကွန်ဆာဗေးတစ်ဝါဒီ မာ့ဇ်က ထိုးနှက်ခဲ့ပါတယ်။

ရှို့လ်ဇ်ကတော့ သူဟာ အသေးစိတ်ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံရှိ ခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်သွားပါတယ်။

အမေရိကန်ကသာ ဥရောပသမဂ္ဂအပေါ် စည်းကြပ်ခွန်ကောက်ခံလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ မေးခွန်းကို ရှို့လ်ဇ်က တနာရီအတွင်း တုံ့ပြန်နိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ထရမ့်ပ်ရဲ့ သက်ရောက်မှုနဲ့ အီလွန်မတ်စ်ခ်က ထောက်ခံပေးထားတဲ့  လက်ယာစွန်းဝါဒီ Alternative for Germany (AfD) အားကောင်းလာတဲ့ကိစ္စကို အဓိက ငြင်းခုန်ခဲ့ကြပါတယ်။

NATO မဟာမိတ်ဝင်အဖြစ် စစ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းအထိ တိုးဖို့ အခွန်တိုးကောက်တာ၊ ချေးငှားတာ မလုပ်လိုဘူးလို့ စစ်တမ်းတွေအရ လူကြိုက်အများဆုံး ဖြစ်နေတဲ့ မာ့ဇ်က ပြောပါတယ်။ ရှို့လ်ဇ်ကတော့ ဒီပမာဏဟာ မလုံလောက်ဘူးလို့ ထောက်ပြပါတယ်။

NATO အဖွဲ့ဝင်တွေ စစ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းထိ တိုးသုံးဖို့ ထရမ့်ပ်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရှို့လ်ဇ်က မာ့ဇ်ဟာ AfD နဲ့ ပူးပေါင်းနိုင်တဲ့အတွက် စိတ်မချရဘူးလို့ ဝေဖန်ပါတယ်။ မာ့ဇ်ကတော့ ဒီလိုဖြစ်လာဖို့ မရှိဘူးလို့ ပယ်ချခဲ့ပြီး ရှို့လ်ဇ်ရဲ့ လက်ဝဲယိမ်းမူဝါဒတွေကို လူထုက မကြိုက်လို့  လက်ယာစွန်း AfD က စစ်တမ်းတွေမှာ ဒုတိယနေရာအထိ ရောက်လာခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013