
ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတို့ရဲ့စရိုက်လက္ခဏာအတိုင်း မာန်မဲပြနေပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုရရင်တော့ အကောင်းဆုံးပေါ့ဆိုတဲ့ ဉာဏ်ရည်လောက်လည်း ရှိနေပြန်တယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရုံတင်မက လိုအပ်တာ ကူညီသွားမယ်လို့ အတိအလင်း ကြေညာလိုက်တဲ့အခါ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ လက်ခမောင်းခတ်တော့တယ်။
နိုင်ငံရေး ဆိုတာ လက်ညှိုးလေး ကွေးတတ်ရုံနဲ့ မဖြစ်တဲ့အကြောင်း၊ မိုက်သွေးအပြည့်နဲ့ ပြည်သူတွေကို ဗုံးမိုးရွာချသလို မလွယ်ကြောင်း တရုတ်ကြီးကလည်း ပို့ချခဲ့ပုံပေါ်တယ်။ ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ တတ်နိုင်တဲ့ အနောက်ကမ္ဘာနဲ့ ကုလသမဂ္ဂတွေ ဘာတွေကို ခေါက်ထားလိုက်လို့ ရပေမဲ့ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံရဲ့ ထောက်ခံချက်လောက်တော့ လိုအပ်မယ်လို့ သေနတ် ကျစ်ကျစ်ပါဆုပ်ထားတဲ့ မင်းအောင်လှိုင်ကို နားချခဲ့ပုံလည်း ရတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးတက်ဖို့ မင်းအောင်လှိုင်ကို ဖိတ်။ ကူမင်းမှာ အစည်းအဝေးလာတက်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့လည်း သီးခြားစီတွေ့ဆုံခွင့်ရကာ တရုတ်ဇာတ်ညွှန်းနဲ့ လူရာဝင်စေခဲ့တယ်။
နောက်တဆင့် စစ်ကောင်စီနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ပရိုမိုးရှင်းလို့ ဆိုနိုင်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၊ ထိုင်းမှာပြုလုပ်တဲ့ မြန်မာအိမ်နီးချင်း ၆ နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲ၊ အဲဒီပွဲမှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအကြောင်း အဓိက တင်ပြခဲ့ကြောင်း သတင်းတွေက ဆိုတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရပေမဲ့ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲအကြောင်း ထည့်မပြောရုံတင်မက စစ်ကောင်စီ ငါတကောရွေးကောက်ပွဲနဲ့ ဆန့်ကျင်ဘက် မြန်မာသက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးကို တရုတ်က အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားတာကြောင့် ပရိုမိုးရှင်းပွဲက သိပ်အလုပ်ဖြစ်ဟန် မတူဘူးလို့ ထင်ရတယ်။
ဒီဇင်ဘာ ၂၀ ရက်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့ ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာလည်း စစ်ကောင်စီရွေးကောက်ပွဲအကြောင်း အဖက်လုပ် ပြောကြားခဲ့ကြပုံ မရသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ လိုက်နာရမယ်လို့သာ ထပ်လောင်း ဆွေးနွေးခဲ့ကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်တာကြောင့် စစ်ကောင်စီရော တရုတ်ပါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။
ဒါပေမဲ့ လုံ့လစိုက်တဲ့ စစ်ကောင်စီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူတို့ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအကြောင်း ဆက်လက်တင်ပြခဲ့ပြန်တယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ လန်ကာဝီကျွန်းမှာ ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးဟာ အာဆီယံရဲ့ တနှစ်တာအစီအစဉ် လျာထားချက်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာချင်းဆိုင်ကာ နှီးနှောကြ၊ အာဆီယံရဲ့ ဒဏ်ခတ်ခြင်းခံထားရတဲ့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခွင့်မရတာကြောင့် စစ်ကောင်စီနိုင်ငံခြားရေးဌာန အရာရှိတဦးကို လွှတ်လိုက်ခြင်းဖြစ်တယ်။
ကံဆိုးတဲ့ အဲဒီအရာရှိက မျက်လွှာအောက်ချကာ စစ်ကောင်စီပြောခိုင်းတဲ့ ရွေးကောက်ပွဲအကြောင်း အဲဒီအစည်းအဝေးမှာ တင်ပြခဲ့ပုံပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီပြောဆိုချက်ဟာ စစ်ကောင်စီရွေးကောက်ပွဲကို အာဆီယံအနေနဲ့ လက်မခံကြောင်း အယဉ်ကျေးဆုံး သံတမန်ဝေါဟာရတွေ သုံးနှုန်းပြောကြားလိုက်ခြင်းပါပဲ။ စစ်ကောင်စီ ရွေးကောက်ပွဲဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် မူ ၅ ရပ်ရဲ့ အမြုတေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ဘက်အသီးသီးတို့ ဆွေးနွေးအဖြေရှာရေးကိုသာ ရှေးရှုဖို့ စစ်ကောင်စီကို ခပ်ပြတ်ပြတ် သတိပေးလိုက်ခြင်းလည်း ဖြစ်တယ်။
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုတာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ပါသလို မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက မင်းအောင်လှိုင် အမြှုပ်ထွက်တဲ့အထိ ရွတ်ဆိုနေကျ စကားရပ်လည်းဖြစ်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံကို အာဆီယံအနေနဲ့ တောက်လျှောက်ဆိုသလို တခွန်းမဟ ရေငုံနှုတ်ပိတ်ကာ အာဆီယံမူ ၅ ရပ်ကိုသာ တွင်တွင်ရွတ်ဆိုခဲ့တာပါ။ စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ အာဆီယံမူ ၅ ရပ် ဘာဆိုဘာမှ မပတ်သက်ကြောင်းကိုတောင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အခု ဇန်နဝါရီ ၁၉ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျမှသာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း သံတမန်ဝေါဟာရတွေနဲ့ တန်ဆာဆင် ထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်။
အာဆီယံရဲ့ အဲဒီထုတ်ဖော်ချက်ဟာ နှစ်သစ်အစ ပထမ ဇန်နဝါရီမှာပဲ စစ်ကောင်စီအတွက် သံတမန်ရေး ထိုးနှက်ခံရမှုကြီး ဖြစ်ခဲ့ရတယ်။ အာဆီယံမူ ၅ ရပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံခဲ့ပြီး မူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက် စစ်ကောင်စီ ရွေးကောက်ပွဲကိုလည်း ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း ဗလောင်းဗလဲ လုပ်ရဲတဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးသိက္ခာကင်းမဲ့မှုကိုလည်း အာဆီယံက ဖွင့်ချလိုက်ခြင်းပါပဲ။
ကဲ ဟုတ်ပြီ။ အဲဒီလို ထိုးနှက်ခံရတာကြောင့် စစ်ကောင်စီ ဘာဖြစ်သွားသလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည်သူသတ် အကြမ်းဖက်ခြင်းနည်းနဲ့ နေ့စဉ်ဆိုသလို ဆုတ်ဖြဲပြနေသူတွေဖြစ်လို့ နောက်တွန့်စရာအကြောင်း မရှိပါဘူး။ စစ်ကောင်စီဆိုတာ ထိရောက်တဲ့ အရေးယူမှုမရှိရင် အာဆီယံမပြောနဲ့ လုံခြုံရေးကောင်စီလည်း ဂရုမစိုက်ကြောင်း ကိုယ့်ပြည်သူကိုယ် ဗုံးကြဲ သတ်ဖြတ်ခြင်းနည်းနဲ့ အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ထောက်ခံချက် ဒါမှမဟုတ် မသိချင်ယောင်ဆောင်မှုကို ရခဲ့ရင် စစ်ကောင်စီအတွက် အားတက်ဖွယ် ရှိနိုင်ပေမဲ့ အခုလို ကန့်ကွက်တော့လည်း မထူးဇာတ်ခင်းဖို့ကလွဲ တခြားမရှိပါဘူး။
ဒါပေမဲ့ မြေပြင်အခြေအနေက စစ်ကောင်စီ မထူးဇာတ်ခင်းခွင့် မရှိအောင်ကို ဆက်လက် ပိတ်ဆို့ထားပြန်တယ်။ ဇန်နဝါရီ ၁၇ ရက်၊ မင်းအောင်လှိုင်ခန့် အစိုးရအဖွဲ့အစည်းအဝေးမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး တည်ငြိမ်အေးချမ်းတဲ့ အခြေနေမျိုးဖြစ်အောင် ဖိဖိစီးစီး ဆောင်ရွက်ကြဖို့ မင်းအောင်လှိုင်က မိန့်မှာခဲ့ရတယ်။ ဇန်နဝါရီ ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာတော့ ရွေးကောက်ပွဲတရပ်ကို မဖြစ်မနေ ပြုလုပ်ပေးရမယ်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေအရ ဆန္ဒမဲ ဘယ်လောက်ပေးမှ ရွေးကောက်ပွဲ ဖြစ်မြောက်မယ်လို့ ပြဋ္ဌာန်းထားခြင်းမရှိ၊ စဖြင့် မင်းအောင်လှိုင် စကားတွေအများကြီး လျှောက်ပြောခဲ့ပေမဲ့ နောက်ဆုံးပိတ် အချုပ်က ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတာကြောင့် အရေးပေါ်ကာလကိုသာ နောက်ထပ် ၆ လ သက်တမ်းတိုးမယ်လို့ ဆိုတယ်။
မင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ တဖွဖွရွတ်ဆိုခဲ့တာကြောင့် အခုတခေါက် ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲပြုလုပ်မယ့်ရက် ထွက်လာနိုင်မယ်ဆိုပြီး အမျှော်ကြီး မျှော်နေကြတဲ့ စစ်ကျွန်ပါတီတွေ စိတ်အပျက်ကြီး ထပ်ပျက်ရတယ်။ ခေါင်းပေါင်းစ ထောင်ချင်နေတာ ရူးမတတ်ဖြစ်နေပြီဆိုတဲ့ ကျွန်သဘောက် အမတ်လောင်းတွေ ခဲလေသမျှ သဲရေကျ ဇာတ်မှာ အဆုံးသတ်ရပြန်တယ်။
ဒီနေ့ထိတိုင် ရွေးကောက်ပွဲရက်ကို ထုတ်မပြောနိုင်သေးဘူးဆိုပေမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ ဖြစ်ဦးမှာလားလို့ မေးရင် မင်းအောင်လှိုင်ကတော့ ဖြစ်ကိုဖြစ်ရမယ်လို့ အာမဘန္တေခံမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၅ မှာ မဖြစ်တောင် ၂၀၂၆ ကျရင် လုပ်လို့ရသလောက် မြို့တွေမှာ မည်ကာမတ္တ ရွေးကောက်ပွဲ လုပ်နိုင်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးယဉ်မှုလည်း ရှိနိုင်တယ်။
မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့က ၉၄ မြို့။ NUG စာရင်းအရ တော်လှန်ရေးအင်အားစု ထိန်းချုပ်ကွပ်ကဲထားနိုင်တဲ့ မြို့ပေါင်း ၁၄၀ ကျော်။ မင်းအောင်လှိုင် ပြောနေတဲ့ တည်ငြိမ်အေးချမ်းမှု ဆိုတာလည်း ရှေ့ဆက်ကောင်းလာစရာ အကြောင်းမရှိတာကြောင့် စစ်ကောင်စီရွေးကောက်ပွဲကို ဒီဘဝ ဒီကမ္ဘာမှာ ကျင်းပနိုင်ဦးတော့၊ ရွေးကောက်ပွဲဂုဏ်သိက္ခာနဲ့ ရွေးကောက်ပွဲရလဒ် ခွေးကတက်မှာသာ အိပ်ရေးပျက်နေရုံကလွဲ တခြားမရှိလို့ မောင်းခတ်ပါရစေလားခင်ဗျာ။
လင်းဆက်ငြိမ်းချမ်း