
၂၀၂၅ ခုနှစ်ကို ရောက်တော့ ၂၀၂၅ ရွေးကောက်ပွဲ ဘယ်လ ဘယ်ရက်မှာ လုပ်မယ်ဆိုတဲ့အကြောင်း စစ်ကောင်စီ မပြောနိုင်ပေမဲ့ မအောင့်အီးနိုင်တော့တဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ရွေးကောက်ပွဲအတွက် ခတ်ကွင်းပြင်နေပြီလို့ သိရတယ်။
မီဒီယာပလက်ဖောင်းပေါ် တက်လာတဲ့ သတင်းတပုဒ်က ၂၀၂၅ ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းစာရင်းကို နေပြည်တော်ဌာနချုပ်ကို ပေးပို့ပြီးပြီလို့ ဆိုတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ရွေးချယ်ထားတဲ့ အမတ်လောင်းစာရင်းကို နေပြည်တော် ဗဟိုအဆင့် ပြည်ခိုင်ဖြိုး အကြီးအကဲတွေသာ အတည်ပြုဖို့ ကျန်တော့တဲ့သဘော။
နောက်သတင်းတပုဒ်က မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တို့မှာ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြုခြင်း လုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းက ဆောင်ရွက်ခဲ့သတဲ့။ ပြီးတော့ အမတ်လောင်းတွေကို ရွေးချယ်ရုံတင်မက ပြည်နယ်ဝန်ကြီးတချို့ကိုတောင် ရွေးချယ်ပြီးပြီဆိုတော့ မွန်ပြည်ခိုင်ဖြိုးရဲ့ ရိုက်ချက်က နည်းနည်းမက များနေတာ သေချာတယ်။ ဒါတောင် မွန်ပြည်နယ်ဆိုတာက ၁၀ မြို့နယ်မှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေး မြို့နယ်တို့က သေနတ်သံတွေ မကြာခဏ ကြားနေရတဲ့ မြို့နယ်တွေ။
သေနတ်သံ လုံးဝနီးပါး မကြားရတဲ့ မော်လမြိုင်နဲ့ ချောင်းဆုံ ကျတော့လည်း စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်က လောင်းကစားမြို့တော်တွေဖြစ်အောင် ဖန်တီး။ အဂတိလိုက်စားခြင်းတွေ ဒင်းကြမ်းပြည့်။ မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းက မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆိုတော့ သူ့လက်ရုံး မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌတွေက လက်ရှိမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အဖြစ်နဲ့ အဂတိလိုက်စားရာမှာ နာမည်ကြီးကြ။
လက်ရှိ မွန်ဝန်ကြီးချုပ်က စစ်ကောင်စီရွေးကောက်ပွဲပြီးရင် ရွေးကောက်ခံအယောင်ဆောင် မွန်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခေါင်းပေါင်းစထောင်ဖို့ အိပ်မက် မက်နေပုံရတယ်။ သူ့အောက်က မြို့နယ်ပါတီဥက္ကဋ္ဌတွကလည်း ပြည်နယ်ဝန်ကြီးတွေအဖြစ်။ စစ်ကောင်စီကိုမှီ၊ စစ်ကောင်စီ အာဏာရရှိနေမှသာလျှင် ပြည်ခိုင်ဖြိုးသည်လည်း စစ်ကောင်စီပစ်ကျွေးတဲ့ အရိုးအရင်းအာဏာနဲ့ သိုက်တူးခွင့်ရကြမယ် မဟုတ်လား။
ပြည်ခိုင်ဖြိုးကို မွေးထုတ်ပေးခဲ့တဲ့ ဒုတိယအာဏာရှင် သန်းရွှေ ဆိုတာလည်း ပွဲပြီးသွားခဲ့ပြီ။ သန်းရွှေခန့်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ သမ္မတဖြစ်လာတဲ့ သိန်းစိန်လည်း စိတ်ပုတီးသာ တဂျောက်ဂျောက်။ နောက်ထပ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ သန်းဌေး ဆိုတာလည်း မင်းအောင်လှိုင်နဲ့ ဖက်ပြိုင်လို့ မနိုင်တာကြောင့် ခါးတောင်းကျိုက် ဖြုတ်။ အခုလက်ရှိ ဥက္ကဋ္ဌ ခင်ရီက မင်းအောင်လှိုင် အလိုကျ၊ မင်းအောင်လှိုင် ရှေ့မှောက် ဒူးထောက်။
ပြည်ခိုင်ဖြိုးပါတီက စစ်တပ်ကို အောက်ကျို့စရာမလိုဘဲ ကိုယ့်ဘာသာ သီးခြားရပ်တည်နိုင်မှုဟာ သိန်းစိန်နဲ့ သူရရွှေမန်းလက်ထက်မှာ အားကောင်းခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က အပေါ်စီးရလာကာ သန်းဌေး ထွက်ပြီးနောက် လုံးဝ အောက်စည်းရောက်သွားတော့တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို မော်မကြည့်ဝံ့လောက်အောင် အရှုံးက စုတ်ပြတ်သတ်လွန်းလေတော့ “မင်းတို့ပါတီက အသုံးမကျလွန်းလို့ ငါတို့အာဏာသိမ်းရတာ” ဆိုတာမျိုး မင်းအောင်လှိုင် အပြစ်ရှာ ငေါက်ငမ်းနိုင်ပါတယ်။
အခု ပြည်ခိုင်ဖြိုးပါတီဆိုတာ ကျားသနားမှ နွားချမ်းသာရမယ့်ဘဝ။ စစ်ကောင်စီ မရှိရင် ပြည်ခိုင်ဖြိုးပါတီလည်း မရှိနိုင်တော့မှန်း ကောင်းကောင်းသိနေတော့ မင်းအောင်လှိုင်သည်သာ ဘုရားတဆူ ဂူတလုံး ပမာ။ မင်းအောင်လှိုင် ထားရာနေ စေရာသွားဘဝ၊ မင်းအောင်လှိုင် ခိုင်းတာ လုပ်ရုံကလွဲ တခြားမရှိ။
အခု မလျှော့သောဇွဲလုံ့လနဲ့ ဒီမိုကရေစီတွေ ဘာတွေ အော်နေတာကတော့ အာဏာသိမ်းစစ်ကောင်စီ အသိအမှတ်ပြု တခြားပါတီတွေ။ စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ ၅၃ ပါတီအနက် ဒီမိုကရေစီရေး ကြွေးကြော်သံကို တရေးနိုးတောင် ထ၊ ထ အော်နေတာက နာမည်ကျော် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီ။
ပြောရရင် စစ်ကောင်စီ အသိအမှတ်ပြု ပါတီအားလုံးက မင်းအောင်လှိုင် မျက်နှာသာပေးရေး၊ မင်းအောင်လှိုင် ရှေ့တော်မှောက် အနီးဆုံးနေရာကနေ ဒူးထောက်ခစားခွင့်ရရေးအတွက် သူ့ထက်ငါ အပြိုင်ကြိုးစားကြပေမဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးကို ဘယ်သူမှ ယှဉ်မရသေးတာ တွေ့ရတယ်။
ကိုကိုကြီး ဆိုတာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး၊ ဒီမိုကရေစီရရှိရေးအတွက် လက်သီးလက်မောင်းတန်း၊ ထောင်ထဲအခါခါဝင်။ စစ်အာဏာရှင်တို့ရဲ့ ရုပ်ဆင်းအင်္ဂါကို ဘဝနဲ့ရင်းပြီး သိခဲ့တာတောင် စိတ်မှတ်မရှိတာကြောင့် မင်းအောင်လှိုင် ကောင်းကောင်းအမှတ်ပေးနိုင်ပါတယ်။
အရင့် အရင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ထောင်ခဲ့တဲ့ သိန်းညွန့်နဲ့ ခင်မောင်ဆွေကို စစ်ဗိုလ်ချုပ်တွေ အကြိုက်တွေ့ခဲ့သလိုမျိုး၊ NLD ပါတီကို ရန်လုပ်ကာ ပြည်သူ့ရှေ့ဆောင်ပါတီ ထောင်လိုက်တဲ့ သက်သက်ခိုင်ကို စစ်ဗိုလ်ချုပ်တွေ ခံတွင်းလိုက်ခဲ့သလိုမျိုး အခု နေပြည်တော်ဗိုလ်ချုပ်တွေ မြည်းလို့ကောင်းနေတာ ကိုကိုကြီးနဲ့ ပြည်သူ့ပါတီ။
အဲဒီလို မင်းအောင်လှိုင် အကြိုက်တွေ့နေတဲ့ ပြည်သူ့ပါတီကလည်း ရှင်းတယ်။ စစ်ကောင်စီ အာဏာသိမ်းတာကို အာဏာသိမ်းတာလို့ မမြင်။ စစ်ကောင်စီ ပြည်သူကို ဘယ်လောက်သတ်သတ် သူတို့နဲ့မဆိုင်သလို။ ပြီးတော့ ကိုကိုကြီး ဆိုတာ နိုင်ငံရေး လေကြီးလေကျယ်လည်း ပြောတတ်တဲ့သူ။
“ဟောဒီမှာကြည့်၊ ၈၈ ကတည်းက သူပုန်ထလာတဲ့ ကျောင်းသားခေါင်းဆောင်တွေ အခု ကျနော်တို့နဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ဖို့ ချီနေပြီ” ဆိုတာမျိုး နိုင်ငံတကာ သံတမန်တွေ လာရင် စစ်ကောင်စီက ထုတ်ပြလို့ ရသေးတယ် မဟုတ်လား။ ဆိုတော့ ရှားရှားပါးပါး ရုပ်ပြကောင်းပြီး အသုံးချလို့လည်း ကောင်းတော့ နေပြည်တော်မှာလုပ်တဲ့ ဘာပွဲ ညာပွဲတွေမှာ ခေါင်းပေါင်းစတလူလူနဲ့ ကိုကိုကြီး တက်ရောက်အသုံးတော်ခံကြောင်း စစ်ကောင်စီ မီဒီယာတွေ ကလည်း တလေးတစား ဖော်ပြကြတာ ဘယ်ဆန်းမလဲ။
မေးစရာရှိတာက စစ်ကောင်စီ အသိအမှတ်ပြု အဲဒီပါတီတွေက ပြည်သတ်စစ်ကောင်စီ ဆီကနေ ဒီမိုကရေစီ ဆိုတာကြီးတွေ အထုပ်လိုက် အထည်လိုက် ရလာလိမ့်မယ်လို့ တကယ်ယုံမှတ်နေကြသလား ဆိုတာပါ။ ဘယ်သူကမှ မယုံကြည်ကြပါဘူး။ ပါတီအများစုက စစ်ကောင်စီ ဘာလုပ်လုပ် စုံမှိတ် ထောက်ခံခဲ့ကြတာတွေ။ ပါတီအနည်းငယ်ကတော့ အရင်ခေတ် သန်းရွှေ စစ်အစိုးရတုန်းက ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်တပိုင်း ဒီမိုကရေစီရောက်အောင် သွားခဲ့သလို မင်းအောင်လှိုင်ကလည်း ဒီမိုကရေစီအနံ့ ထည့်ထားတဲ့ စစ်အာဏာရှင်စနစ်ဆီ ပြန်သွားနိုင်လိမ့်မယ်လို့ နိုင်ငံရေးတွက်ချက်မှုလွဲကာ စစ်ကောင်စီ မျက်နှာသာပေးတာ ခံရအောင် စောစောစီးစီး နေရာဝင်ဦးကြတာပါ။
သူတို့က နွေဦးတော်လှန်ရေးကို လျှော့တွက်ခဲ့တယ်။ အရင်ခေတ်တုန်းကလိုပဲ စစ်အစိုးရ ဆွဲခေါ်ရာဆီ တရွတ်ဆွဲပါသွားကာ နောက်တကြိမ် အာဏာသိမ်းစစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ထွန်းလာဦးမှာပဲလို့ တလွဲတွက်ခဲ့ကြတယ်။ ပြောရရင် စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေ လုံးဝမနိုင်ဘူးလို့ တထစ်ချ ယုံပစ်ခဲ့ကြတယ်။
တူမီးနဲ့စခဲ့တဲ့ ခုခံတော်လှန်စစ်ဟာ ၂၀၂၃ ခုနှစ်မှာ တစစ အားကောင်းလာပြီး ၁၀၂၇ စစ်ဆင်ရေးကစလို့ ခုခံစစ်ကနေ ထိုးစစ်အသွင် ချိုးချပစ်လိုက်နိုင်တဲ့အချိန်မှာ စစ်ကောင်စီနဲ့အတူ စစ်ကောင်စီ ပါတီတွေလည်း မျက်ဖြူဆိုက်သွားတော့တယ်။ ဒါပေမဲ့ ကျွံနေပြီဖြစ်တဲ့ လမ်းကနေ ဆုတ်စရာ နောက်တလမ်းလည်း မရှိတော့တာကြောင့် မဟန်မှန်းသိနေပေမဲ့ မျက်လုံးစုံမှိတ်။ ဒီလမ်းကနေမှ ဒီမိုကရေစီ ရွှေပြည်သစ်ဆီ ရောက်ရှိမှာလိုလို မထူးဇာတ်ခင်းတော့တယ်။
ပြီးတော့ စစ်ကောင်စီပါတီတွေ အားလုံးဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ခွက်ခွက်လန် မဲရှုံးခဲ့သလို လွတ်လပ်ပွင့်လင်းတဲ့ခေတ်မှာ ရွေးကောက်ပွဲတွေကနေတဆင့် ပြောရေးဆိုခွင့် လွှတ်တော်အမတ်တနေရာ ရဖို့တောင် မလွယ်မှန်း သူတို့ ကောင်းကောင်းသိကြတယ်။ စစ်အာဏာရှင်စနစ်အောက်က စစ်အုပ်စုအလိုကျ ဒီမိုကရေစီယောင်ယောင်ခေတ်မှာသာ စစ်ဗိုလ်ချုပ်တွေ အလိုကျ နေပြတတ်ရင် အာဏာလေး တပဲခြောက်ပြားလောက် ရနိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ကြတယ်။ အဲဒီယုံကြည်မှုအတိုင်း သူတို့ မထူးဇာတ်ခင်းကြတော့တယ်။
ဒါပေမဲ့ လတ်တလော စစ်ကောင်စီကိုယ်တိုင်ရဲ့ ဘဝပေးက အရေးပေါ်ခန်းထဲ တဖြည်းဖြည်း သွေးဆုတ်လာတဲ့ လူမမာလို ဖြစ်နေပြီမို့ စစ်ကောင်စီပါတီတွေလည်း လက်ထိပ်တွေ၊ ပဲဟင်းတွေနဲ့ အိပ်မက်တွေ ဆိုးနေလောက်ပြီလို့ ထင်ရပါတယ်။
သေချာတာက စိတ်မှတ်ကြီးတဲ့ မြန်မာပြည်သူတွေက စစ်ကောင်စီပါတီတွေကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။
လင်းဆက်ငြိမ်းချမ်း