
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စတင်ထိုးစစ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ပါဒလိတ်အခြေစိုက်တပ်ရင်းတွေ၊ အမြင့်ကျွန်းအခြေစိုက် တပ်စခန်းနဲ့ ရွှေမင်းဂံရေတပ်တို့ကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်တွေထိုးစစ်က စပြီလို့ ပြောလို့ရတယ်။ အခု ပါဒလိတ်အခြေစိုက်တပ်ရင်းတွေ၊ အမြင့်ကျွန်းမှာတပ်စွဲထားတဲ့ စခန်းနဲ့ ရွှေမင်းဂံရေတပ်တို့ကို စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ။ အဲဒီကတော့ ဗျူဟာအရလက်ဦးမှုရယူပြီးတော့ တိုက်ခိုက်တဲ့သဘောပေါ။ ကင်းစခန်းတွေကိုလည်း စနိုက်ပါတွေ၊ စက်လတ်တွေနဲ့ ပစ်ခတ်နေတာရှိတယ်။ စစ်ကောင်စီဘက်ကလည်း စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေကနေပြီး လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာရှိတယ်” လို့ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ဇန်နဝါရီလလယ်ပိုင်းကတည်းက စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာပြီး မကြာခဏပစ်ခတ်မှုတွေရှိနေကြရကနေ လက်ရှိမှာ တပ်ရင်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပါတယ်။
လက်ရှိပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့ပေါ်မှာကျန်ရှိနေသေးတဲ့ မြို့ခံတွေစိုးရိမ်နေကြပြီး တချို့လည်း လေကြောင်းနဲ့ ရန်ကုန်ဘက်ကို ထွက်ခွာနေကြတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“စစ်တွေမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက နှစ်ဖက်စစ်ရေးတင်းမာနေကြတာ။ ၇ ရက်နေ့မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ အရမ်းကြားလာရတော့ မြို့တွင်းစိုးရိမ်မှုဖြစ်နေကြပြီ။ ငွေကြေးတတ်နိုင်သူ တချို့ကတော့ လေကြောင်းကနေ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းမှုပြုလုပ်နေကြပြီ” လို့ပြောပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ နှစ်ဖက်စစ်ဆိုင်ထားတာဟာ တနှစ်နီးပါးအထိ ကြာမြင့်လာပြီဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုပဲ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ AA က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားသလို လက်ရှိမှာ ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းဘက်တို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုနေတာဖြစ်ပါတယ်။