
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်ထိုကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်လောက်မှာ တောင်ယာကနေစပါးသယ်ပြီးပြန်လာတဲ့ ခွန်ဖာလိန်နဲ့ နန်းဆွေတို့ လင်မယားနှစ်ယောက်ကို လွယ်ချယ်-တပူးထိရွာလမ်းခွဲအနီးမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNLA တို့ကြား ထိတွေ့တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
PNLA ပြန်ကြားရေး တာဝန်ခံ ခွန်ရိန်းယံက “ဒရုန်းနဲ့ဗုံးကြဲလို့ လင်မယားနှစ်ဦးစလုံး အဲဒီနေရာမှာပဲ သေသွားတာပေါ့နော်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့လည်း ၄ ကြိမ်ပစ်လာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပအိုဝ်းပြည်သူတွေကိုလည်း ရန်သူလိုမျိုး သဘောထားပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွ န်တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတာလို့ PNLA က ဆိုပါတယ်။
ဒါ့အပြင် ပအိုဝ်းပြည်သူတွေရှိရာနေရာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်ကကျေးရွာတွေထဲကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် PNLA တပ်ဖွဲ့နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။