Home
မြန်မာသတင်း
ကလေးစစ်သား ၁၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ဟု စစ်ကောင်စီပြော
DVB
·
February 7, 2025
Photo-MOI

၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကလေးစစ်သား ၁၀၅၇ ယောက်ကို မိဘတွေဆီ ပြန်လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော် ကာကွယ်ရေးဝန်ကြီးရုံး အစည်းအဝေးမှာ ကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားလိုက်တာဖြစ်ပြီး  ကလေးစစ်သားတွေ စစ်တပ်ထဲမှာရှိနေသေးရင် ထပ်လွှဲပေးမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တဲ့ ကလေးစစ်သား ၁၀၅၇ ယောက်စာရင်းဟာ NLD အစိုးရ လက်ထက်က စာရင်းကို လိုတိုပို့လျှော့လုပ်ထားတာဖြစ်တယ်လို့ ကလေးသူငယ်အရေးလှုပ် ရှားသူတယောက်က ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးတင်အောင်စန်း လက်ထက်ကတည်းက ၁၀၅၇ စာရင်းနဲ့ပဲ ဖြေရှင်းနေတာ။ အဲ့ဒီ ၁၀ ၅၇ စာရင်းက NLD အစိုးရလက်ထက်က လွှတ်ပေးခဲ့တဲ့ ၉၈၄ ယောက်စာရင်းကို လိုတိုပိုလျှော့လုပ်ပြီး ရှင်းနေလို့ ကုလသမဂ္ဂရော၊ နိုင်ငံတကာရော မယုံတာ။”

စစ်ကောင်စီတပ်ထဲမှာ ကလေးစစ်သားအသုံးပြုမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ နိုင်ငံအဆင့် စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေးလုပ်ငန်းအဖွဲ့ (CTFMR)နဲ့ ဖေဖော်ဝါရီလထဲမှာ  တွေ့ဆုံသွားမယ်လို့လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၁၀၂ ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဒေသတချို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ မကြာခဏ ပျောက်ဆုံးနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားသားတွေထဲမှာရော တပ်ပြေးတွေထဲမှာပါ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ပါဝင်နေပါတယ်။

ဒါ့အပြင် လက်ရှိ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စစ်သားစုဆောင်းနေတဲ့ အထဲမှာလည်း အသက် မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်နေတာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013