Home
မြန်မာသတင်း
ဒဏ်ရာရစစ်သားများကို စစ်ကောင်စီက ရှေ့တန်းပြန်ပို့နေ
DVB
·
February 4, 2025

စစ်ကောင်စီက ရခိုင်နဲ့ ဧရာဝတီနယ်စပ် တိုက်ပွဲတွေမှာ ဒဏ်ရာရရှိတဲ့ တပ်သားတွေကို နားခွင့်မပေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းနယ်စပ် ရှေ့တန်းကို ထပ်မံပို့ဆောင်တာ ခံနေရတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်နဲ့ ဧရာဝတီနယ်စပ် ဂွမြို့နယ်နဲ့ ရေကြည်မြို့နယ်အနီး တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်သားတွေကို ရေကြည်နဲ့ ပုသိမ်က ဆေးရုံတွေမှာ ဆေးကုသပေးပြီး ဆက်လက်အနားယူခွင့်မပေးဘဲ ၂၀၂၅ ဖေဖော်ဝါရီ ပထမအပတ်က စတင်ကာ ရခိုင်နဲ့ ပဲခူးတိုင်း၊ ရခိုင်နဲ့ မကွေးတိုင်း၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသတွေကို ထပ်မံပို့ဆောင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်မိသားစုဝင်တယောက်က “ပြန်နားခွင့်မပေးဘူး၊ လူတွေ့ခွင့် ခဏပေးတယ်။ ဆေးရုံကနေ ရှေ့တန်းကို ထပ်လွှတ်တာ။ မိသားစုလိုက် မတွေ့လိုက်ရဘူး။ အခုတခေါက်က မကွေးဘက် ရှေ့တန်းလို့ သိရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေမှာ ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူပြီး နားခွင့်မရဘဲ ရှေ့တန်းကို ထပ်မံအပို့ခံရတဲ့ တပ်သားတွေဟာ ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃ တပ်ရင်းက တပ်သားတွေဖြစ်ပြီး စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတွေ များတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “တိုက်ပွဲတွေကနေ လွတ်လာတဲ့ ဒဏ်ရာရ တပ်သားတွေကို စစ်ကောင်စီက ရေကြည်နဲ့ ပုသိမ်ဆေးရုံမှာ ဆေးကုပေးတာ။ ဆေးရုံမှာ သေဆုံးရသူတွေလည်း အနည်းငယ်ရှိတယ်။ အခု ရှေ့တန်းအပို့ခံရသူတွေက အသေးစားဒဏ်ရာသူတွေလို့ တပ်က သတ်မှတ်ပြီး အိမ်ပြန်ခွင့်မပေးတာ” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက အာရက္ခတပ်တော် (AA) ရဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် စစ်ကူပို့လိုက်တဲ့ စစ်ကောင်စီစစ်ကြောင်းကိုပါ AA က ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကြောင်းတွေ ပျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၂၇ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ရခိုင်-ဧရာဝတီ နယ်စပ်က စစ်ကောင်စီ ပွိုင့် ၂၆၃ စခန်းနဲ့ ပွိုင့် ၃၆၉ စခန်းတွေကို ဇန်နဝါရီ ၂၆ ရက်နဲ့ ဇန်နဝါရီ ၂၁ ရက်တွေမှာ သိမ်းထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024