
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ အိမ်ထောင်စုစာရင်း အမည်ပေါက်ထားတဲ့ သက်ပြည့်လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီက ဦးစားပေး စာရင်း ကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သန်းခေါင်စာရင်းမှာပါဝင်တဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်တွေမှာ ကောက်ယူမှု စတင်နေတာပါ။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတယောက်က “လူဦးရေစာရင်း မကောက်ခင်က ဧည့်နေထိုင်သူတွေ၊ ကောက်ပြီးမှ ပြောင်းလာသူတွေ၊ မြို့နယ်သန်းခေါင်စာရင်းပါသူတွေဆိုပြီး ၃ မျိုးရှိတယ်။ လောလောဆယ် မြို့နယ်သန်းခေါင်စာရင်းမှာ ပုံစံထွက်ထားသူတွေကို မြေပြင်မှာ ရှိ၊ မရှိ တိုက်စစ်တာပါ” လို့ ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်၊ ၅၁ ရပ်ကွက်မှာတော့ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ မြေပြင်လူဦးရေစာရင်း ကောက်ယူအသိပေးမှုကို ရပ်ကွက်ရုံးအဖွဲ့နဲ့အတူ ဘေးတွဲမောင်းအဖွဲ့က ကြီးကြပ်လုပ်ဆောင်နေပါတယ်။
မြို့ခံတယောက်က “အိမ်ပိုင်ရှိတဲ့သူတွေကို အရင်ကောက်တာထင်တယ်။ သားသမီးတွေ ထွက်ပြေးရင် မိဘတွေကို အကျပ်ကိုင်မယ့်သဘောပါပဲ။ သန်းခေါင်စာရင်းက ပါတဲ့သူတွေ မရှိမှ ဧည့်စာရင်းကို လစ်လပ်အစားထိုး လုပ်လောက်တယ်” လို့ ပြောပါတယ်။
လူဦးရေများပြားတဲ့ မြောက်ဥက္ကလာမြို့နယ် ည ရပ်ကွက်၊ ဌ ရပ်ကွက်တွေမှာတော့ စစ်မှုထမ်းစာရင်းပါထားတဲ့ လူငယ်တွေကို ခရီးသွားထောက်ခံစာ မပေးတော့သလို ဧည့်စာရင်းစစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။