Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများ ထပ်တိုးလာ
DVB
·
February 3, 2025

စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေပေမဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်တဲ့ အရေအတွက် ဆက်ပြီး တိုးလာနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၁၃ ခုအထိ ရှိလာပြီး ဇန်နဝါရီလအတွင်းမှာတင် အေဂျင်စီအသစ် ၃ ခု ထပ်တိုးလာတာ ဖြစ်ပါတယ်။

လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ဘယ်လိုမှ လုပ်လို့ကိုင်လို့ မကောင်းတော့တဲ့အချိန်မှာ အေဂျင်စီအသစ်တွေက ဘယ်လိုစိတ်ကူးနဲ့ ဝင်လာကြလဲ မပြောတတ်ဘူး။ လူဟောင်းတွေတောင် အခြေအနေမကောင်းလို့ တခြားလုပ်ငန်းပြောင်းဖို့ ပြင်နေကြပြီ” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၃၀၀ လောက်ပဲ ရှိပေမဲ့ အခုဆို ၂ ဆကျော်တိုးလာတာ ဖြစ်ပါတယ်။

အခုလို အေဂျင်စီတွေ ဖောင်းပွလာပေမဲ့ ပြည်ပကို လုပ်သားစေလွှတ်နိုင်တဲ့ အရေအတွက်ကတော့ သိသိသာသာ တိုးလာတာ ရှိမနေဘူးလို့လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ကိုယ်စားလှယ်တယောက်က ဆိုပါတယ်။

“နောက်ပိုင်းဝင်လာတဲ့သူတွေက စကစနဲ့ ပတ်သက်ဆက်စပ်သူတွေ များတယ်။ လုပ်ငန်းပြနိုင်ဖို့သက်သက်နဲ့ ဝင်လာကြတာမျိုးတွေ ရှိတယ်။ တော်တော်များများက လိုင်စင်ယူထားပြီး အလုပ်သမား မလွှတ်နိုင်ကြဘူး။”

လက်ရှိမှာ စစ်ကောင်စီက အသက် ၁၈ ကနေ ၃၅ နှစ်အထိ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ရပ်နားလိုက်ပြီး ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်လိုက်ပါတယ်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုလိုက်ပြီးနောက်မှာ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ထိန်းချုပ်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီလို ပြည်ပထွက်ခွင့် ထိန်းချုပ်လိုက်တာကြောင့် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ အခက်တွေ့လာရပြီး လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ ရှိလာနိုင်တယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024