Home
မြန်မာသတင်း
လေယာဉ် အဆုံးရှုံးမခံနိုင်သဖြင့် ဆုတ်ခွာမည့် စစ်သားများကို စစ်ကောင်စီ ပြန်မခေါ်
DVB
·
February 2, 2025

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ဆုတ်ဖို့အတွက် လေယာဉ်အကူအညီတောင်းပေမဲ့ လေယာဉ်အထိအခိုက်မခံနိုင်တာကြောင့် လာမခေါ်ခဲ့ဘူးလို့ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေက ပြောပါတယ်။

ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဖလမ်းမြို့ကို စစ်ကူပေးဖို့အတွက် ရဟတ်ယာဉ်နဲ့ပို့ပေးခဲ့ပေမဲ့ အခြေအနေမကောင်းလို့ ပြန်ဆုတ်ခွာဖို့အချိန်မှာတော့ လာမခေါ်ခဲ့တာပါ။

တပ်သား ကျော်ဇော်လွင်က “ကျနော်တို့ဆို လေယာဉ်တောင်းတယ်ဗျ။ ၁၀ လုံးညွှန်း (နေရာအတိအကျကို ညွှန်တဲ့ မြေပုံအညွှန်း)က ပေးထားပြီးသား။ အဲဒီ ၁၀ လုံးညွှန်းကို ရောက်ပြီဆိုရင် လေယာဉ်လာခေါ်မယ်ဆိုပြီး သူတို့ကိုယ်တိုင်ကိုက ကတိပေးထားတာ။ အဲဒီ ကတိပေးထားတဲ့ဟာကို သူတို့ကိုယ်တိုင်ကိုက ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ ဒီကအဖွဲ့တွေက။ လေယာဉ်တစင်းနဲ့ လူ ၂၄ ယောက်ကို မလဲနိုင်ဘူး ဆိုတဲ့စကားကို တအား စိတ်နာသွားတာ။ ဒီမှာတချို့တွေဆို ပစ(ပြည်သူ့စစ်)တွေ ပါတယ်။ ကျနော်တို့ လူဟောင်းတွေတောင် စိတ်နာတယ်ဆို ပစတွေဆို ပြောမနေနဲ့တော့” လို့ ပြောပါတယ်။

သူတို့ဟာ ဖလမ်းမြို့ထဲကနေ တောထဲကို ထွက်လာခဲ့ပြီးနောက်မှာ တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ကြရတာလို့ Chin National Defense Force က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ ပြောဆိုထားပါတယ်။

တပ်ကြပ်အောင်ဇော်ဦးက “ဒီကလွတ်သွားရင်လည်း ကလေးမြို့ကို မပြန်တော့ဘူး။ ဒီထဲမှာပဲ ပူးပေါင်းတော့မယ်။ မလုပ်ချင်တော့ဘူး၊ စိတ်နာတယ်။ သူတို့ကို ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။ မလာနိုင်ဘူးတဲ့။ မင်းတို့ သေသွားတာ ဘာမှမဖြစ်ဘူးတဲ့။ ငါ့လေယာဉ် တခုခုဖြစ်မှာတဲ့။ လေယာဉ်အဆုံးရှုံးမခံနိုင်ဘူး တဲ့” လို့ ပြောပါတယ်။

လေယာဉ်ထိခိုက်မှာစိုးတာကြောင့် စားနပ်ရိက္ခာတွေလည်း လာမချပေးဘူးလို့ သူက ပြောဆိုပါတယ်။

တပ်သား ကျော်ဇော်လွင်ကလည်း သူတို့ကို လာပို့ချိန်တုန်းကလည်း ရဟတ်ယာဉ်ကို ၁၀ ပေ အမြင့်မှာပဲ ရပ်ပြီး ခုန်ဆင်းခိုင်းတာမှာ မဆင်းရဲလို့ တွန်းချခံရပြီး အရိုးအက်သွားတယ်လို့ ပြောပါတယ်။

အဲဒီကနေ တပ်စွဲမယ့် ဖလမ်းမြို့က အထက်တန်းကျောင်းကို ရောက်ရောက်ချင်းမှာပဲ ၃ ယောက် သေပြီး နောက်ပိုင်းမှာတော့ ရိက္ခာနဲ့ ကျည်နည်းလာတာ၊ ဒဏ်ရာရ သေဆုံးသူတွေ များလာတာကြောင့် ဦးဆောင်သူ ဗိုလ်မှူးက တောထဲဘက်ကို ခေါ်လာခဲ့တာလို့ ပြောပါတယ်။

သူတို့အဖွဲ့အယောက် ၂၀ ကျော်မှာ ဒဏ်ရာရသူအများစုဖြစ်ပြီး တချို့က လမ်းမှာပဲ ချောက်ထဲ ပြုတ်ကျ သေဆုံးတာ၊ ဒဏ်ရာအရှိန်နဲ့ သေဆုံးကြတာကြောင့် ဖမ်းခံရချိန်မှာတော့ ၆ ယောက်ပဲ ကျန်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ စစ်တပ်က လူကြီးတွေ ဝါဒမှိုင်းတိုက်လေ့ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီမှာ လက်နက်ချရင် အသတ်ခံရမယ်ဆိုတဲ့ စကားမျိုးတွေအပေါ် နားမယောင်ဖို့ကိုလည်း သူက ဆက်ပြောပါတယ်။

ဖလမ်းမြို့ထဲကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ တောထဲမှာ ၇ ရက်လောက် ထမင်းငတ်ခဲ့တယ်လို့လည်း ဗွီဒီယိုထဲမှာ ပြောဆိုထားတာကို တွေ့ရပါတယ်။

အခု ဖမ်းဆီးမိထားတဲ့ ၉၇ ယောက်ထဲမှာ အများစုဟာ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ခေါ်ခံရသူတွေဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို အကျယ်ချုပ်ပုံစံ ထိန်းသိမ်းထားတာကိုလည်း တွေ့ရပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013