
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့က မြန်မာနယ်စပ်ဒေသများဆီ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်တော့မည်ဟု သတိပေးကြေညာလိုက်သည်။ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖှုယင်သမ်မာ ဗစ်ချာရာချိုင် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြ၀တီ ကျားဖြန့်လုပ်ငန်းများနှင့်အနီးစပ်ဆုံး ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
မြ၀တီဘက်ခြမ်း ရွှေကုက္ကိုလ်နှင့် KK Park ကျားဖြန့်လုပ်ငန်းများကို လုံခြုံရေးယူပေးထားသည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သော ကရင်နယ်ခြားစောင့်တပ် BGF နှင့် ကရင်လက်နက်ကိုင် DKBA အဖွဲ့များက နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ကာ ဒုစရိုက်လုပ်ငန်းအားလုံးရပ်ဆိုင်းရေး ဖမ်းဆီးအပ်နှံသွားမည်ဟု အပြိုင်အဆိုင် ထုတ်ပြန်ကြေညာခဲ့ကပြန်သည်။
ထိုင်း ကာကွယ်ရေးဝန်ကြီး ဗစ်ချာရာချိုင်က ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက မြန်မာ စစ်ကောင်စီ ထံ မြ၀တီ၊ ဘုရားသုံးဆူ၊ တာချီလိတ်စသည့် နေရာများထဲ လျှပ်စစ်မီးပေးထားသော ၅ နေရာကို မီးဖြတ်တောက်ခြင်းအတွက် တစ်ရက်ကြိုတင်အကြောင်းကြားခဲ့သော်လည်း တစုံတရာ အကြောင်းမပြန်ခဲ့ဟု ဖေဖော်ဝါရီ ၆ ရက်တွင် မဲဆောက် ရောက်စဉ် ရှင်းလင်းပြောကြားပြန်သည်။
ဒေသတွင်း မီဒီယာများအတွက် ထိုင်းဘက်မှ ဆုံးဖြတ်ချက်ကို စောင့်ကြည့်လေ့လာမှုက ခေါင်းကြီးသတင်းများ ဖြစ်နေသည်။ မီဒီယာတိုင်းတွင် လျှပ်စစ်မီးစဖြတ်သည် ဖေဖော်ဝါရီ ၅ ရက်ည ရွှေကုက္ကိုလ်၊ KK Park၊ ဘုရားသုံးဆူ၊ တာချီလိတ် ကျားဖြန့်နေရာများ မီးလင်းမှုအခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်တင်ပြကြသည်။ ရွှေကုက္ကိုလ်တွင် မီးလင်းထိန်မှုမှာ ရှေ့တရက်ကထက် ၄၀ ရာခိုင်နှုန်းမီမှိန်သွားကြောင်း၊ မီးစက်ကြီးများဖြင့် ဆက်လက်လည်ပတ်နေသော်လည်း မလိုအပ်သည့်အဆောက်အအုံနေရာများ မီးမလင်းကြောင်း မှတ်တမ်းဓာတ်ပုံများ မဲဆောက်ဘက်ခြမ်းမှ ရိုက်ကူးတင်ပြကြသည်။ KK Park မှာ ပုံစံမပျက် မီးလင်းထိန်နေခဲ့သည်။
တာချီလိတ်တွင် တညနေအတွင်း နေရာအများစု လျှပ်စစ်မီးပြန်ရပြီး ဒေသဆိုင်ရာလျှပ်စစ်မီးပေးဝေရေးတာဝန်ရှိသူများက လာအိုထံမှ လျှပ်စစ်မီး အစားထိုးပေးနိုင်ခဲ့သည်ဟု ကြေညာသည်။
ထိုင်းမီဒီယာတချို့က လောင်စာဆီပါ ဖြတ်တောက်လိုက်ခြင်းကြောင့် မြ၀တီဘက်ခြမ်း ကျားဖြန့်အဆောက် အအုံများ နောက်တပတ်အကြာတွင် မီးစက်များလည်ပတ်ရန် ဆီမရှိနိုင်တော့ဘဲ ကျားဖြန့်လုပ်ငန်းများ ထိရောက်စွာ ရပ်တန့်သွားရမည်ဟု သုံးသပ်ရေးသားကြသည်။
ထိုအခင်းအကျင်းများဖြစ်ပွားနေချိန် ထိုင်းဝန်ကြီးချုပ်ပေထောင်တန်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဟုဆိုကာ တရုတ်သို့ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ အလည်အပတ်ခရီးသွားရောက်နေသည်။ တရုတ်သမ္မတ ရှီကျင်းဖျင်နှင့်တွေ့ဆုံနေသည်။
ဆီစျေးများ မြင့်တက်လွန်းခြင်းနှင့် လျှပ်စစ်မီးမရခြင်းက ထိုင်းအရေးယူမှုစတင် ပြီး ပထမရက်တွင် ကျားဖြန့်လုပ်ငန်းများကို ထိခိုက်ခြင်းထက် မြို့နေ အခြေခံလူတန်းစားကို များစွာ ဒုက္ခရတက် ပွေစေခဲ့သည်။
ထိုင်းအစိုးရက လျှပ်စစ်မီးနှင့်လောင်စာဆီဖြတ်တောက်သည့် နေရာများမှာ မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှပေးနေသော မွန်ပြည်နယ်ဘုရားသုံးဆူ၊ Allure Group (P&E) မှ ပေးနေသော မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေး တံတား( တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှ ပေးနေသော ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ)နှင့် ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ပေးနေသော ကရင်ပြည်နယ်၊ မြဝတီမြို့တို့ ဖြစ်သည်။
ထိုင်းဘက်မှ ၂၀၂၂ ခုနှစ် ဇွန်လမှသည် ၂၀၂၄ ခုနှစ် ဇွန်လအထိ ထိုင်းနိုင်ငံသား ၅၀၀,၀၀၀ ကျော် ကျားဖြန့်လိမ်လည်မှုများ၏ သားကောင်များဖြစ်ခဲ့ရပြီး ဘတ်ငွေ ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် USIP ထုတ်ပြန်ချက်တွင်လည်း အရှေ့တောင်အာရှ ကျားဖြန့်လုပ်ငန်းများ လိမ်လည်ရယူသည့်ငွေမှာ ဒေါ်လာ ဘီလီယံ ၆၀ ရှိသည်ဟု ဖော်ပြခဲ့သည်။
ထိုင်းဘက်မှ မြန်မာ ၅ နေရာ လျှပ်စစ် မီးဖြတ်တောက်ရခြင်းမှာ ထိုင်းနိုင်ငံသားများ လိမ်လည်ခံရသဖြင့် ဆုံးရှုံးရသည့်ငွေကြေးပမာဏမှာ ဘတ်သန်း ၆၀၀ ရှိခဲ့သောကြောင့်ဟုဆိုသည်။ ထိုင်းနိုင်ငံ၏ အစိုးရပိုင် PTT ကလည်း အဆိုပါ ၅ နေရာသို့ တလတင်ပို့နေကြဖြစ်သည့် ဓာတ်ဆီနှင့်ဒီဇယ် လီတာ ၁၅ သန်းမှ သန်း ၂၀ အထိရှိသော လောင်စာဆီ ပေးပို့မှုကို ရပ်တန့်မည်ဖြစ်သောကြောင့် စီးပွားရေးအရ နစ်နာမည်ဆိုသော်လည်း ထိုင်းပြည်သူများအပေါ် ဒုက္ခပေးသည့် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ရင်းသင့်သည်ဟု ဆုံးဖြတ်ခဲ့သည်ဟု ဆိုကြသည်။
ထိုအခြေအနေများအရ တရုတ်၏ ဖိအားပေးခြင်းနှင့် ထိုင်းသည် မြန်မာနယ်စပ် တရုတ်ကျားဖြန့်လုပ်ငန်းများကို ထိရောက်စွာ ဖြိုခွင်းနိုင်မည်လားဆိုသော မေးခွန်းထုတ်စရာများ ခုကတည်းက ထွက်ပေါ်လာပြီဖြစ်သည်။
ထိုဇာစ်မြစ်ကို ထိုင်းနာမည်ကြီးလွှတ်တော်အမတ် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ရန်ဆီမန်ရုမ်းက ဖေဖော် ဝါရီ ၆ ရက်တွင် စတင်တူးဆွလိုက်သည်။ တာချီလိတ်မီးပြန်လင်းသွားသည့်ကိစ္စ၊ ကျားဖြန့်နှင့်တဆက်တည်း ရှိနေသော ရာဇဝတ်ကွန်ရက် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ ဆက်လည်ပတ်နေသည့် အင်တာနက် ရရှိနေသေးမှုအကြောင်း လူသိရှင်ကြား တူးဆွလိုက်ခြင်းဖြစ်သည်။
အင်တာနက်ရရှိနေမှုအတွက်မူ အီလွန်မာ့ခ် ၏ Starlink အင်တာနက်များ ကျားဖြန့်ရာဇဝတ်သားများ မသုံးစွဲနိုင်ရေး ပိတ်ပင်ပေးဖို့ တောင်းဆိုခြင်းပြုလုပ်သည်။ တာချီလိတ် ချက်ချင်း လျှပ်စစ်မီးပြန်လင်းသွားမှုတွင် လာအိုမှ မီးပြောင်းချိတ်လိုက်သည်ဆိုရာ ထိုင်းအစိုးရနှင့် မရှင်းမရှင်း ကိစ္စရပ်များရှိနေသည်ကို အစိုးရထံ ထောက်ပြပြီး တဖက်လှည့်နှင့် အစိုးရတာဝန်ရှိသူ များဘက်က ဆက်လက်အကူအညီပေးနေခြင်းမျိုး ရှိနေနိုင်သည်ဟု သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်သည်။
ရန်စီမန်ရုမ်းသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ ခရိုနီများအပေါ် စုံစမ်းဖော်ထုတ်ပြီး ထိုင်းနိုင်ငံခေါင်းဆောင်ပိုင်းတို့၏ အဂတိလိုက်စားမှုများကို ရဲရဲတောက် ဖော်ထုတ်တင်ပြလေ့ရှိသူဖြစ်သည်။ ပရာချာချွန်ပါတီအမတ်ဖြစ်သလို နိုင်ငံတော် လုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ ကော်မတီ၊ အမျိုးသား မဟာဗျူဟာနှင့် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့်အတွက် နိုင်ငံတော်လုံခြုံရေး ကော်မတီ ဆင့်ခေါ်အစည်းအဝေးအဖြစ် ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့၊ အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးအကဲများကို ခေါ်ယူပြီး မြန်မာကျားဖြန့်ကွန်ရက်တိုက်ဖျက်မှုတွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်မှုမှာ ၅ နေရာနှင့် မပြည့်စုံဘဲ ထို ၅ နေရာဖြတ်တောက်ခြင်းက စစ်ဆင်ရေး ပထမအဆင့်မျှလောက်သာ အကျိုးသက်ရောက်မှု နည်းပါးစွာရှိသေးကြောင်း ထောက်ပြသည်။
တာချီလိတ် လျှပ်စစ်မီးဖြန့်ဖြူးရေးကန်ထရိုက်အလုပ်ကို တာဝန်ယူထားသည်က Allure Group (P&E) ဖြစ်ပြီး မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေး တံတား( တာချီလိတ်) တို့ကို မီးပေးဝေသည်။ Allure Group ဆိုသည်က ယခင် ထိုင်းကာကွယ်ရေးဝန်ကြီး ပရာယွတ်၏ လူယုံ လွှတ်တော်အမတ်ဟောင်း ယူပါကစ် ပိုင်ဆိုင်သည့် ထိုင်းကုမ္ပဏီဖြစ်သည်။ ပရာယွတ်က ယူပါကစ်ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၁၉ ခုနှစ်တွင် အထက်လွှတ်တော် ဆွဲခန့်အမတ်နေရာ ထားရှိသဖြင့် သားမက်ဖြစ်သူထံ ကုမ္ပဏီကို လက်လွှဲခဲ့သည်။
ထိုကုမ္ပဏီ နာမည်နှင့်ဆင်တူရိုးမား Allure Group (P&E) ကုမ္ပဏီကို မင်းအောင်လှိုင်နှင့် အလွန်နီးစပ်စွာ နေသည့် ခရိုနီထွန်းမင်းလတ်က မြန်မာကုမ္ပဏီအဖြစ် လက်လွှဲဝယ်ယူကာ ထိုင်းမှ လျှပ်စစ်မီးကို တာချီလိတ်တကြော ဝယ်ယူဖြန့်ဖြူးခဲ့သည်။ ထိုငွေရေးကြေးရေး ရှင်းတမ်းများကို အထောက်အထားများနှင့် ရန်ဆီမန်ရုမ်းက တိုင်းသိပြည်သိ လွှတ်တော်တွင် တင်ပြပြီး မူးယစ်ဆေးနှင့် ငွေကြေးခဝါချခြင်းမှ ငွေများနှင့် ဝယ်ယူသည်ဟု စွဲချက်တင်ခဲ့ရာ ထွန်းမင်းလတ်နှင့် ယူပါကစ်၏ သားမက်တို့ ထိုင်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ထိုင်းတရားရုံးက သက်သေမထင်ရှားဟုဆိုကာ ထွန်းမင်းလတ်နှင့် ယူပါကစ်သားမက်တို့ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ရန်ဆီမန်ရုမ်း အစည်းအဝေးခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်အပြီး ယူပါကစ်က မိမိ လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက Allure Group ကုမ္ပဏီထောင်ပြီး တာချီလိတ်ဘက် လျှပ်စစ်မီးရောင်းခဲ့စဉ် တာချီလိတ်၌ ကျားဖြန့်၊ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ၊ လူမှောင်ခို ကူးမှုများ လုံး၀မရှိကြောင်း၊ ထို့ကြောင့် ယနေ့ ထိုင်းအစိုးရမှ တရုတ်နှင့်ပူးပေါင်းပြီး ထိုင်းလူမျိုးများအပြင် ကမ္ဘာတလွှားဒုက္ခပေးနေသော ကျားဖြန့်လုပ်ငန်းများ လျှပ်စစ်မီးဖြတ်တောက်ခြင်းအပေါ် ဝမ်းသာစွာ ကြိုဆိုကြောင်း မီဒီယာထက် ပြန်တက်လာပြီး ဖွင့်ပြောလာခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းမှာပင် ယူပါကစ်၏ရန်သူတော် ရန်ဆီမန်ရုမ်းက တာချီလိတ် ချက်ချင်း လာအိုမီးနှင့် ပြန်လင်းထိန်သွားခြင်းတွင် ထိုင်းကာကွယ်ရေးဝန်ကြီးပြောသကဲ့လို့ မိမိတို့နိုင်ငံက တရုတ် ကျားဖြန့်လုပ်ငန်းများအပေါ် အကူအညီမပေးသည်ကို မြင်သာစေပြီဟု ပြောဆိုလာခြင်းအပေါ် အလုံးစုံ အာမခံချက်ပေးနိုင်မည်လာ်ဟု မေးခွန်းပြန်ထုတ်ပြီး ထောက်ပြသည်။
လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများ၏ နယ်စပ်ဒေသ ၁၈ နေရာကို ထိုင်းဘက်က လျှပ်စစ်မီး ရောင်းချထားသည်။ လာအိုနှင့် ကမ္ဘောဒီးယားနယ်စပ်ဒေသများတွင်လည်း မြ၀တီနှင့် တာချီလိတ်ကဲ့သို့သော ကာစီနို၊ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်နှင့် တခြား ငွေကြေးခဝါချမှုကွန်ရက်ကြီးက တရုတ်ကျားဖြန့်သမားများနှင့် တဆက်တည်း ရှိနေခြင်းကို ရန်ဆီမန်ရုမ်းက ထောက်ပြသည်။ ထို့ကြောင့် လာအိုမှ တာချီလိတ်သို့ လျှပ်စစ်မီး ချက်ချင်းပြန်ပေးခြင်းမှာ ထိုင်းမှ ရောင်းချပေးထားသော လျှပ်စစ်မီးများ ဟုတ် မဟုတ်ကို ဖော်ထုတ်စစ်ဆေး ဖြတ်တောက်နိုင်ရန် လိုကြောင်း၊ နေရာများစွာတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက် ချိတ်ဆက်ထားခြင်းကြောင့် မြန်မာနယ်စပ် ၅ နေရာကို ပိတ်ဆို့အရေးယူခြင်းတစ်ခုတည်းက မလုံလောက်ကြောင်း၊ ရာနှုန်းပြည့် ထိရောက်သော စစ်ဆင်ရေးမျိုးဖြစ်စေရေးတွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် ငွေကြေးခဝါချမှု ရာဇဝင်များ၌ ထိုင်းဆိုက်ဘာလုံခြုံရေးရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့လည်း ပါဝင်ပတ်သက်နေသည့် အထောက်အထားအချက်အလက်များလည်း ရရှိထားသဖြင့် လုံခြုံရေးအရ အချိန်အတိအကျ မပြောနိုင်သည့် တနေ့ ဖွင့်ချပြသွားမည်ဟု မီဒီယာများနှင့်တွေ့ဆုံပြီး ရန်ဆီမန်ရုမ်း အကြံပြုထောက်ပြခဲ့သည်။
ထိုသတင်းများ တက်လာပြီးမှ ယူပါကစ်က တွေ့ခဲသော မီဒီယာများနှင့်တွေ့ဆုံကာ မီးဖြတ်တောက်သည့် ထိုင်းအစိုးရလုပ်ရပ်ကို ထောက်ခံအားပေးကာ မိမိနှင့်ထိုကျားဖြန့်၊ ငွေကြေးခဝါချမှုများ လုံး၀မပတ်သက်ကြောင်း ချက်ချင်း ရှင်းချက် ထုတ်ပြန်ခြင်းမျိုးဖြစ်လာသည်။
ပြီးခဲ့သည့်တပတ်ကပင် ရန်ဆီမန်ရုမ်းက ထိုင်းအစိုးရထံ မြန်မာစစ်ကောင်စီထံမှ ၂ နေရာ မီး မဖြတ်တောက်ရန် အားချင်းစာပို့တောင်းဆိုမှုတွင် အာဏာရှိသော ပြည်ထဲရေးဝန်ကြီးဘက်မှ ချက်ချင်း ဆုံဖြတ်ချက်ချ ငြင်းပယ်ခြင်းမပြုခြင်းကိုလည်း ဝေဖန်ထောက်ပြခဲ့ရာမှ မြန်မာဘက် ၅ နေရာ မီးဖြတ်တောက်မှု အတည်ပြု ဖြစ်တည်လာခြင်းဖြစ်သည်။
ရန်ဆီမန်ရုမ်းသည် ယခင် ထိုင်း ရွေးကောက်ပွဲအနိုင်ရ MFP ပါတီခေါင်းဆောင် ဖိထာနှင့် မဟာမိတ်ပြုထားသော နာမည်ကောင်းနှင့်ကျော်ကြားသည့် ထိုင်းလွှတ်တော်အမတ်ဖြစ်သည်။ ၎င်း၏ အထောက်အထားများနှင့် ချက်ကျ လက်ကျ စွပ်စွဲခြင်းများသည် ရှုပ်ထွေးသော ထိုင်းနိုင်ငံရေး အခင်းအကျင်းများအတွင်း အရေးယူနိုင်သည်အထိ အောင်မြင်ခြင်းမျိုး မရောက်ခဲ့သော်ငြား ယခု လာအိုဘက်မှ လျှပ်စစ်မီး တာချီလိတ်တွင် လင်းထိန်နေမှုအတွက် ထိုင်းအာဏာပိုင်များအပေါ် မေးခွန်းထုတ်လိုက်ခြင်းက တွေးစရာများစွာ ဖြစ်တည်လာစေပါပြီ။
ထိုင်း၏ ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်မှု မည်သည့်အတိုင်းအတာအထိ အောင်မြင်နိုင်မည်နည်း၊ မည်မျှပွင့်လင်းမြင်သာမှု၊ ရိုးသားမှု ရှိမည်နည်းဆိုခြင်းကိုတော့ စောင့်ကြည့်ရဦးမည်သာဖြစ်သည်။
နွေလူ