Home
မြန်မာသတင်း
ဘန်ကောက်တွင် ဥပဒေနှင့် မညီသည့် နိုင်ငံခြားသား ၁၄၅ ဦး ဖမ်းဆီးခံရ 
DVB
·
February 20, 2025

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားတွေ စစ်ဆေးနှိမ်နင်းနေတာမှာ ၃ ရက်တာ ကာလအတွင်း  ၁၄၅ ယောက် ဖမ်းဆီးရမိတယ်လို့  ဘန်ကောက် နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နခွန်းဘန်ရဲတပ်ဖွဲ့အနေနဲ့ မိမိတာဝန်ယူထားတဲ့ နယ်မြေ ၁ မှ ၉ အတွင်း နေရာပေါင်း ၁၂၃ နေရာကို ဖေဖော်ဝါရီ ၁၈ မှ ၂၀ ရက်အထိ ၃ ရက်တာ သွားရောက်စစ်ဆေးခဲ့တယ်။ 

စစ်ဆေးချက်အရ ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၄၅ ယောက်ဖမ်းဆီးရမိကြောင်း၊  အဲဒီထဲမှာ တရုတ်နိုင်ငံသား ၇၇ ယောက်၊ မြန်မာ ၃၂ ယောက်၊ လာအို ၁၄ ယောက်  တခြားနိုင်ငံသား ၁၃ ယောက် ပါဝင်တယ်။

ဒါ့အပြင် ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံသား ၉ ယောက်ပါ ဖမ်းဆီး အရေးယူခဲ့တယ်လို့ နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့ ရဲမှူးကြီး ဆယမ်ဘွန်းဆုမ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲဒီထဲမှာ မူးယစ်မှု ၁ ယောက်၊ လောင်းကစားမှု ၆၇ ယောက် ၊ လဝကဥပဒေနဲ့ မညီညွတ်သူ  ၁၅ ယောက်၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်သူ ၆၈ ယောက်၊ အခွန်ဥပဒေချိုးဖောက်သူ ၂၁ ယောက်၊ အတတ်ပညာ ကာကွယ်မြှင့်တင်ရေးဥပဒေနဲ့ မညီညွတ်သူ ၃၃ ယောက်နဲ့ တခြားပြစ်မှု ၉ ယောက်တို့ ပါဝင် ပါတယ်။ 

နခွန်းဘန်းနယ်မြေ အမှတ် ၂  ရှိ နေရာပေါင်း ၅ ခုကနေ စစ်ဆေးချက်အရ ထိုင်းနဲ့ ရွှေ့ပြောင်းအလုပ်သမား ပူးပေါင်းပြီး နိုင်ငံခြားကနေ ဆေးဝါးတွေ တရားမဝင်တင်သွင်းဖြန့်ဖြူးတာ တွေ့ရှိတယ်၊ အဲဒီနေရာကနေ တရားမဝင်ဆေးဝါးပစ္စည်း ၄၁,၅၀၀ ခု၊ ငွေသား ဘတ် ၁၂ သိန်း စုစုပေါင်း ဘတ်သန်းပေါင်း ၁၄၀ သိမ်းဆည်းခဲ့ပါတယ်။ 

နခွန်းဘန်နယ်မြေ ၈ ကနေ  အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၀၉ ကီလိုဂရမ်နဲ့ တရားခံ တယောက် ဖမ်းမိတယ်၊ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်းပက်မြို့ တိုက်အမှတ် ၂၅ ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ဘန်ကောက်ရာ့ချ်ဒါးဖိဆစ် တန်ဖိုးကြီးအိမ်ရာမှာ နေထိုင်သူ တရုတ်သူဌေး ၂ ယောက်နဲ့ သူတို့ ပိုင်ဆိုင်တဲ့  ဘတ်ငွေ ၁၅ သန်းကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

နခွန်းဘန်ရဲဌာနချုပ်အနေနဲ့ ဥပဒေမဲ့နှိမ်နင်းရေးကို ဒီနေရာတင် ရပ်တန့်မှာမဟုတ်ဘဲ ဘန်ကောက်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဆက်လက်စစ်တမ်းကောက်ယူပြီး ရာဇဝတ်မှုကျူးလွန်ဖို့ အန္တရာယ်ဖြစ်စေတဲ့  လုပ်ရပ်တွေကို ဖော်ထုတ်ဖို့  နယ်မြေ ရဲစခန်း ၈၈ ခုနဲ့  စုံစမ်းရေးဌာနခွဲ  အမှတ် ၁ မှ ၉ ထိ ဆက်တိုက် ညွှန်ကြားထားကာ ဥပ‌ဒေချိုးဖောက်မှုတွေ ရှာဖွေတွေ့ရှိက ချက်ချင်း အရေးယူဖို့ ညွှန်ကြားထားတယ်လို့  ရဲမှူးကြီး ဆယမ် ဘွန်းဆုမ်က ပြောသွားပါတယ်။ 

Source: POLICE-TV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013