Home
မြန်မာသတင်း
မြဝတီကျားဖြန့်မှ ပြန်လွတ်လာသူများကို မဲဆောက်လေဆိပ်မှတဆင့် တရုတ်လေယာဉ်ဖြင့် ပြန်ခေါ်  
DVB
·
February 20, 2025
Myawaddy-Kyapyant-Chinese 16

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကို စီးပွားရေးဇုန်ရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသားတွေကို လေယာဉ်နဲ့ ပြန်ခေါ်မယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီးက ပြောထားခဲ့တဲ့အတိုင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ စတင်ခေါ်ဆောင်နေပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF/KNA) က သွားရောက်ကယ်တင်ပြီး မြဝတီမှာ လာထားတဲ့ တရုတ်နိုင်ငံသား ၆၂၈ ယောက်ထဲက  အယောက် ၂၀၀ ကို ပထမဆုံးသုတ်အနေနဲ့  ဒီမနက် ၉ နာရီက  မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်‌ရေးတံတားကနေတဆင့် ထိုင်းလဝကရုံးကို ဘတ်စ်ကားတွေနဲ့ လာရောက် ပို့ဆောင်ပေးခဲ့ပါတယ်။

ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းက လုံခြုံရေးစောင့်ကြပ်ပေးနေ တယ်၊ ဒီကနေ့ ရောက်ရှိလာတဲ့ တသုတ်ကိုတော့ ခါတိုင်းလို NRM စစ်ဆေးရေးဌာနကို မပို့ဆောင်တော့ဘဲ  လဝက ဂိတ်မှာပဲ စစ်ဆေးတယ်၊  တရုတ်ရဲက နာမည်ခေါ်ပေးပြီး စစ်ဆေးချိန် တယောက်ကို ၂ မိနစ်မှ မှ ၃ မိနစ်ထိသာ ကြာမြင့်ကာ လေဆိပ်ကိုတန်းပို့ပေးတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံ China Southern Airline က လေယာဉ်ဟာ မဲဆောက်လေဆိပ်မှာ လာရောက်ဆင်းသက်စောင့်ဆိုင်းခဲ့ပြီး ပထမလေကြောင်းလိုင်းဟာ ကျားဖြန့်ဂိုဏ်းသား အယောက် ၅၀ ကို တင်ဆောင်ကာ  ဒီနေ့မနက် ၁၁ နာရီ ၄၀ မိနစ်မှာ ထွက်ခွာပျံသန်းသွားတယ်။ ယူနန်ပြည်နယ် ဆစ်ဆောင်ပန္နား လေဆိပ်မှာဆင်းသက်မယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ လေကြောင်းလိုင်း ၄ ကြောင်းနဲ့ လာကြိုမှာဖြစ်တယ်။ ပထမအသုတ်မှာ မနက် ၁၁ နာရီ မိနစ် ၄၀ မှာလည်းကောင်း၊ ဒုတိယအသုတ်မှာ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ မှာလည်းကောင်း၊ တတိယအသုတ်မှာ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ မှာလည်းကောင်း၊ စတုတ္ထအသုတ်မှာ ညနေ ၂ နာရီ မိနစ် ၄၀ မှာလည်းကောင်း အသီးသီးထွက်ခွာပျံသန်းဖို့ရှိပြီး တသုတ်လျှင် လူ အယောက် ၅၀ တင်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ထိုင်းဘက်ရောက်လာတဲ့ ကျားဖြန့်ဂိုဏ်းဝင် အယောက် ၂၀၀ ထဲမှာ တရုတ်နိုင်ငံသားက အများစုဖြစ်ပြီး အီသီယိုးပီးယားနိုင်ငံသား အနည်းငယ်သာရှိတယ်။ သူတို့ကိုတော့ ထိုင်းမှာ အီသီယိုပီးယားသံရုံး မရှိတဲ့အတွက် အိန္ဒိယနိုင်ငံသံရုံးကနေ ချိတ်ဆက်ပို့ဆောင်မယ်လို့ ဆိုပါ တယ်။

ဖေဖော်ဝါရီ  ၂၁ နဲ့ ၂၂ ရက်တွေမှာလည်း တရုတ်နိုင်ငံသားတွေကို လေယာဉ်နဲ့ ဆက်လက်ခေါ်ယူဖို့ရှိပြီး စုစုပေါင်း လေကြောင်း ၁၆ ကြောင်းပျံသန်းမှာပါ။ ဖေဖော်ဝါရီ ၂၃ မှာတော့ နိုင်ငံ ၁၂ နိုင်ငံက  နိုင်ငံသားတွေကို ပို့ဆောင်မှာဖြစ်ပြီး  ဒီအသုတ်မှာ လူပေါင်း ၁၂၁၉ ယောက် သက်ဆိုင်ရာ မိခင်နိုင်ငံ ပြန်ပို့ဖို့ရှိကာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ 

Source : TNN News / Today News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013