Home
ရုပ်သံ
“ဒီအချိန်မှာ မြန်မာပြည်ပြန်ပို့တာက သေမိန့်ချတာနဲ့ အတူတူပဲလေ” - CDM ဆရာဝန်
DVB
·
February 19, 2025

ထိုင်းနိုင်ငံမှာ တရားမ၀င် စာသင်နေတဲ့ ဆရာတွေကို ထိုင်းအစိုးရက ဥပေဒေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးဖို့ လုပ်ဆောင်နေပါတယ်။ 

ထိုင်းနိုင်ငံမှာ တရားမ၀င် ကျောင်းစာ သင်ကြားပြသနေတဲ့ အလုပ်တွေကို လက်ခံ ဆောင်ရွက်ပေးနေတဲ့ အလုပ်ရှင်တွေနဲ့ အလုပ်လုပ်နေတဲ့ ဆရာတွေကို ဥပဒေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးဖို့ ထိုင်းအစိုးရက စီစဥ်နေတာပါ။

နိုင်ငံခြားသားကျောင်းဆရာ အလုပ်ခန့်လိုတဲ့ အလုပ်ရှင်တွေအနေနဲ့ လူ၀င်မှုကြီးကြပ်ရေးဥပဒေအရ NON-IMMIGRANT ဗီဇာခွင့်ပြုရမှာဖြစ်ပြီး Tourist/Transit ခရီးသွားဗီဇာနဲ့ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်တာ၊ ဒါမှမဟုတ် လုပ်ဆောင်ဖို့ အခွင့်အာဏာထက် ကျော်လွန်တဲ့အလုပ်ကို လုပ်ဆောင်ရင် ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေဘတ် ၅၀၀၀၀ ပေးဆောင်ဖို့နဲ့ ပြည်နှင်ဒဏ်ပေးဖို့ ပြဋ္ဌာန်းချက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုယ့်လူမျိုးအချင်းချင်း တရား၀င် စာသင်နေတဲ့သူတွေရှိသလို တရားမ၀င် စာသင်နေတဲ့သူတွေလည်း ရှိပါတယ်။ 

စာသင်တာကြောင့် အဖမ်းခံရပြီး ဒဏ်ဆောင်ရတာထက် မြန်မာနိုင်ငံကို ပြန်ပို့မယ့်အချက် ပါနေတာဟာ စာသင်နေတဲ့သူတွေကော၊ သင်ကြားခံနေရတဲ့ ကလေးတွေအတွက်ပါ စိုးရိမ်စရာရှိတယ်လို့ CDM ဆရာ၀န် ကိုပြည့်က  ပြောပါတယ်။

“အဲဒီလိုမျိုး အဖမ်းခံရပြီဆိုရင် ဒဏ်ငွေနဲ့ပြီးသွားရင် ပြဿနာမရှိဘူး။ ဗီဇာရုပ်သိမ်းတာတွေ မြန်မာပြည်ကို ပြန်ပို့တာတွေဆိုရင် အရမ်းကြောက်ဖို့ကောင်းတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ မြန်မာပြည် ပြန်ပို့တာက သေမိန့်ချတာနဲ့အတူတူပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် စစ်မှုထမ်းထဲ ပါသွားမှာပဲ။ အခု နယ်စပ်ကနေ ပြန်ပို့ခံရတဲ့သူတွေလည်း အဲဒီလိုပါတော့ ကြောက်ကြတယ်။ ရိုးရိုးကြောက်တာ မဟုတ်ဘူး၊ တော်တော်ကြီးကိုကြောက်တဲ့ အနေအထားမှာရှိတယ်။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားရှိရာ စူရတ်ဌာနီမြို့က မြန်မာစာသင်ကျောင်းတခုကို ထိုင်းအာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးပြီး ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အခုချိန်ထိကို ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာစာသင်ကျောင်းတချို့ဟာ ပိတ်ထားရဆဲပါ။ 

ထိုင်းနိုင်ငံ မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားကလေးတွေကို စာသင်နေတဲ့ CDM ကျောင်းဆရာတယောက်ကလည်း အဖမ်းအဆီးများတဲ့ကြားကပဲ ကလေးတွေ ပညာရေးရပ်တန့်မသွားဖို့က ပိုအရေးကြီးတဲ့အတွက် သတိထား သင်ကြားနေရတဲ့ အခြေအနေရှိတယ်လို့ DVB ကို ပြောပါတယ်။

“ဒီသတင်းတွေ ဒီကြေညာချက်တွေ ထွက်လာတဲ့နောက်မှာ တော်တော်သတိထားရတယ်ပေါ့နော်။ ဒီအတန်းကို ဆက်လုပ်ရမလား၊ သင်ရမလား မသင်ရဘူးလား ဆိုတဲ့ဟာပေါ့နော် တော်တော်တာ့ ဒုက္ခရောက်တယ်ပေါ့နော်။ တခုခုဖြစ်လာခဲ့ရင် ကိုယ့်ဘက်မှာက ဘာအကာအကွယ် ဥပဒေအရကော ဘာအကာကွယ်မှ ရှိမနေဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ စား၀တ်နေရေးအရက ဒီဟာကိုပဲ ကြောက်ကြောက်လန့်လန့်နဲ့ အရဲစွန့်ပြီးတော့ပဲ လုပ်နေရတယ်ပေါ့နော်။”

တရားမ၀င် ကျောင်းစာသင်ကြားပြသနေတဲ့ အလုပ်တွေကို လက်ခံဆောင်ရွက်ပေးနေတဲ့ အလုပ်ရှင်တွေနဲ့ အလုပ်လုပ်နေတဲ့ ဆရာတွေကို ဖေဖော်၀ါရီလကစပြီး ဖမ်းဆီး အရေးယူနေတာတွေ ရှိနေပြီး ပိတ်ခံရတဲ့ ရွှေ့ပြောင်းကျောင်းပေါင်း ၁၀ ကျောင်းကျော်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024