
ကျားဖြန့် အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်း လိမ်လည်မှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံဟာ ထိုင်း၊ မြန်မာနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
မြို့တော် ပေကျင်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းကိုတုံ့ပြန်တဲ့ အနေနဲ့ ဆိုးရွားတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ တယ်လီကွန်း လိမ်လည်မှုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်ကကြိုးပမ်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက ပြောပါတယ်။
ကိုးကျားခွင်းက “မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလောင်းကစား၊ တယ်လီဖုန်း အသုံးပြုလိမ်လည်မှုနဲ့ တခြားဆိုးရွားတဲ့အမှုတွေဟာ တရုတ်နဲ့ ထိုင်းအပါအဝင် သက်ဆိုင်ရာနိုင်ငံတွေက ပြည်သူတွေရဲ့ အသက်နဲ့ ပိုင်ဆိုင်မှု လုံခြုံရေးကို ခြိမ်းခြောက်ခဲ့တယ်။ ဒေသတွင်းနိုင်ငံတွေကြား ပုံမှန်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်လိမ်လည်မှု ရာဇဝတ်မှုတွေကို နှိမ်နင်းရေးဟာ ဒေသတွင်း နိုင်ငံတွေက ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့ မဖြစ်မနေ ရွေးချယ်မှုတရပ် ဖြစ်သလို လူထုအခြေပြု အတွေးအမြင်ကို ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သရုပ်ပြချက်တရပ်ဖြစ်ပါတယ်။ တကမ္ဘာလုံးက လူတွေက ဒါကို လိုချင်ပါတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်း၊ မြန်မာနဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲပြီး အပြန်အလှန်နဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွ ဆောင်ရွက်ဖို့၊ မူဝါဒတွေ ဆက်တိုက်ချမှတ်ပြီး ပြဿနာရဲ့ လက္ခဏာရပ်တွေနဲ့ မူလဇာစ်မြစ်တွေကို ဖြေရှင်းဖို့၊ တရားမ၀င် ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ရေး နယ်စပ်ဖြတ်ကျော်တာတွေကို တားဆီးကာကွယ်ဖို့၊ အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်း လိမ်လည်မှုအန္တရာယ်ကို အဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ကိုးကျားခွင်းက ပြောပါတယ်။
သက်ဆိုင်ရာ ကောင်စစ်ဝန်တွေရဲ့ အကူအညီနဲ့ ပြည်ပရောက် တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံမှု၊ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့နဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို လမ်းညွှန်ပေးဖို့ တခြားအာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့လည်း တရုတ်အစိုးရ ပြောခွင့်ရသူက ပြောသွားပါတယ်။