Home
မြန်မာသတင်း
မြဝတီရှိ ကျားဖြန့်များကို အပြတ်ရှင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော 
DVB
·
February 17, 2025

မြန်မာ-ထိုင်းနယ်စပ် မြဝတီခရိုင်မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အလုပ်သမားတွေကို ပြတ်ပြတ်သားသား ရှင်းလင်းသွားမယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/ KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဖေဖော်ဝါရီ ၁၇ ရက် မြဝတီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူက သူဟာ ကျားဖြန့်လုပ်ငန်းနဲ့ မပတ်သက်ကြောင်းနဲ့ ကျားဖြန့် အွန်လိုင်းလုပ်ငန်းတွေဟာ  လူကုန်ကူးခြင်း၊ လူအချင်းချင်းရောင်းစားခြင်း၊  ရိုက်နှက်ခြင်း အပါအဝင် လူမဆန်တဲ့လုပ်ရပ်တွေ လုပ်နေတာဟာ မတရားတဲ့လုပ်ရပ်တွေဖြစ်တယ်၊ ဒါ့ကြောင့် ဒီနေရာမှာ အပြတ်ရှင်းထုတ်ဖို့ BGF လက်အောက်ခံ တပ်ဗိုလ်တပ်မှူးတွေကို အဖွဲ့လိုက်စုစည်းပြီး ဖမ်းဆီးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျားဖြန့်တွေကို ဖမ်းဆီးရေးနဲ့ ပြန်လည်ပို့ဆောင်ရေးတွေမှာ နီးစပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မြဝတီမြို့ရှိ ကရင်လက်နက်ကိုင်စုပေါင်းရုံးမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ကျားဖြန့်တွေကို မြန်မာဘက်ကနေ ထိုင်းဘက်ကို ပြန်ပို့ရာမှာ တရက်ကို လူအယောက်  ၅၀၀ လောက်သာ ထိုင်းနိုင်ငံဘက်က လက်ခံတဲ့အတွက် လနဲ့ချီအချိန်ယူပြီး ပို့ဆောင်ရဖို့ ရှိနေသလို ဒီကိစ္စတွေ ဆောင်ရွက်ဖို့   BGF ဘက်ကလည်း ကုန်ကျစရိတ်  အခက်ခဲရှိနေတယ်လို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဖမ်းဆီးခိုင်းစေခံရသူတွေ နေရပ်ပြန်ပို့ဖို့ ကိစ္စ  စစ်ကောင်စီခန့် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်း မြဝတီကို လာရောက် ဆွေးနွေးခဲ့ပေမဲ့ ဒီအစည်းအဝေးကို ဗိုလ်မှူးကြီး စောချစ်သူ တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီရှိ ကျားဖြန့် လုပ်ငန်းတွေမှာ တရုတ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံ ၂၀ ကျော်ကနေ  လူကုန်ကူးခံရသူ  ၇၀,၀၀၀ လောက် ရှိမယ်လို့ ထိုင်းသတင်းတွေမှာ ခန့်မှန်း ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013