
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်း ရောက်ရှိနေတဲ့အတွက် BGF တပ်တွေက လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းကစပြီး မြဝတီမြို့အတွင်း နယ်ခြားစောင့်တပ်-BGF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းကျပ်ထားတာပါ။
မြို့ခံတယောက်က “အခုရက်ထဲ ကျားဖြန့်ကိစ္စနဲ့ အတော်ရှုပ်နေတာ၊ မြို့ခံတွေလည်း အပြင်သိပ်မထွက်ရဲဘူး၊ လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းပေါ်မှာ ပြည့်နေတာပဲ၊ အလုပ်အကိုင် လုပ်ဖို့တောင် သွားလာဖို့ ခက်ခဲနေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး မြဝတီမြို့ကို ရောက်ရှိနေတာက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်မှာ ရွှေကုက္ကိုမြို့ရှိ ဧည့်သည်ဆောင်မှာ ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်နေမှုများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။