Home
မြန်မာသတင်း
ပြည်ပသွားလုပ်ကိုင်မည့် အလုပ်သမားများကို စနစ်တကျ မှတ်ပုံတင်ထားရန် စစ်ကောင်စီဝန်ကြီး ပြော
DVB
·
February 17, 2025

မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေကို စနစ်တကျ မှတ်ပုံတင်ထားဖို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန် ဒဂုံမြို့သစ်​(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းကို သွားရောက်စစ်ဆေးရာမှာ အလုပ်သမားဝန်ကြီးဌာနလက်အောက် အရာရှိတွေကို မှာကြားခဲ့တာပါ။

ပြည်ပကို သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားစာရင်းတွေ ရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်တဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်တွေကို စနစ်တကျ ပေးဆောင်စေကာ နိုင်ငံအတွက် ဝင်ငွေတွေရရှိအောင် လုပ်ဆောင်ဖို့ကို သူက ပြောကြားခဲ့တယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းတွေကတဆင့် လိုအပ်တဲ့ မူဝါဒတွေ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ရေးတို့အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) တွေရဲ့ အချက်အလက်တွေ လုံခြုံမှုရှိအောင် ထိန်းသိမ်းဖို့ကိုလည်း မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ရှေ့လူထက် နောက်လူက ပိုဆိုးမယ့်သဘောမှာ ရှိတယ်။ အခုဆို သူဝန်ကြီးဖြစ်ပြီးကတည်းက ပြည်ပထွက်ခွင့်တွေရော၊ အေဂျင်စီတွေပါ ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခံလာရတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးချစ်ဆွေကို စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်မှာ အလုပ်သမားဝန်ကြီး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အလုပ်သမားဝန်ကြီးနေရာကို မကြာခဏ ပြောင်းလဲခဲ့ရာ ဦးချစ်ဆွေမှာ ၄ ယောက်မြောက် တာဝန်ပေးခံရတာလည်း ဖြစ်ပါတယ်။

သူ အလုပ်သမားဝန်ကြီး ဖြစ်လာပြီးနောက် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဆီက လိုင်စင်ကြေး အဆမတန် တိုးကောက်ဖို့နဲ့ ပြည်ပကို လုပ်သားစေလွှတ်ခွင့်​ဦးရေ ထပ်မံကန့်သတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013