
လေယာဉ်ကွင်း တိုးချဲ့ဖို့ဆိုပြီး ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် ၁၅ ရပ်ကွက်ရှိ နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ် လေယာဉ်ကွင်းအနီးမှာရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က ကြိုတင်အကြောင်းကြားတာ မရှိဘဲ ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်က လေးယာဉ်ကွင်းတိုးချဲ့ဖို့ စီမံကိန်းရှိတာကြောင့်ဆိုပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။
“မင်းမဲ့ စရိုက်ဆန်ဆန်လုပ်တာ၊ တော်တော်ရက်စက်ယုတ်မာတဲ့သူတွေပါ။ ဘယ်သူမှ မပါဘူး၊ စစ်ကောင်စီတပ်က လာဖယ်ရှားသွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလေယာဉ်ကွင်းအနီး ပတ်ဝန်းကျင်မှာ လူနေအိမ်ခြေ ၄၀၀ ထက်မနည်းရှိပြီး အရင်ကတည်းက နေထိုင်နေတဲ့ အရပ်သားပိုင်မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ့်မြေပေါ် ကိုယ်နေတာတောင် ကောင်းကောင်းနေခွင့် မရပါဘူး။ စစ်ကောင်စီတပ်က အချိန်မရွေး ခြိမ်းခြောက် ဖယ်ရှားနိုင်လို့လေ။ အခု နေစရာမြေ မပေးတဲ့အပြင် အိမ်တောင် ဖျက်ဆီးခံရတာ” လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ နေအိမ်ဖျက်ဆီးခံရတဲ့ ဒေသခံတွေအနေနဲ့ နေရာမရှိ အခက်အခဲဖြစ်ပေါ်နေပြီး ဘူဒိုဇာနဲ့ အိမ်အဖျက်ခံရတာကြောင့် အိမ်တွေကနေ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်း မရတော့တဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေယာဉ်ကွင်းအနောက်ဘက်ခြမ်းရှိ နေအိမ်တွေကိုလည်း အခု ဖေဖော်ဝါရီလကုန် ပြောင်းရွှေ့ပေးရမယ်လို့ စစ်ကောင်စီတပ်က သတိပေးထားပြီး မရွှေ့ပြောင်းပါက ခြံစည်းရိုးခတ် သိမ်းယူမယ်ဆိုပြီး ခြမ်းခြောက်ထားတယ်လို့ သိရပါတယ်။