
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် PSLF/TNLA ကိုယ်စားလှယ်တွေ ကူမင်းမြို့ကို ရောက်ရှိနေပြီလို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရဲ့ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြိုကို ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မယ်လို့ ဆိုပါတယ်၊၊
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကိုတော့ MNDAA ကိုးကန့်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေးပြဿနာတွေ ပြေလည်နိုင်ရေးအတွက် ဆွေးနွေးကြမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲစတင်မယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်ကို ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
တရုတ်အရေးကျွမ်းကျင်သူတဦးကတော့ တရုတ်ရဲ့ဖိအားပေးမှုတွေက ရှေ့လျှောက် ပိုပြီးတိုးလာဖို့ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။