
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်ရဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီက ကတုတ်ကျင်းတွေ တူးနေပြီး ဘန်ကာတွေပါ တည်ဆောက်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၈ ရက်ကစတင်ပြီး ပုသိမ်အကျဉ်းထာင် ပတ်ဝန်းကျင် ဘေးပတ်ပတ်လည်မှာ စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို ကတုတ်ကျင်းတွေ တူးခိုင်းပြီး စစ်ကောင်စီတပ်သားတွေ နဲ့ ရဲတချို့က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ပုသိမ်ထောင်နဲ့နီးစပ်သူက “စကစ တပ်သားတွေနဲ့ ရဲတွေက စောင့်ကြည့်နေတာ။ အကျဉ်းသားတွေကို တူးခိုင်းတာ။ ချက်ချင်း အမြန်လုပ်ရမယ်ဆိုပြီး အားချင်းလုပ်ခိုင်းနေတာ။ ဘာကိုကြောက်ပြီး အားချင်းခိုင်းနေတာလဲတော့ မသိဘူး။ အရင် ကတုတ်ကျင်းတူးတဲ့အထိ လုံခြုံရေး ကြိုတင်ပြင်ဆင်တာ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ ပုသိမ် အကျဉ်းထောင်ရဲ့ဝန်းကျင်မှာက အနက် ၃ ပေ၊ အလျား ၃၀၊ ၆၀၊ ၉၀ အထိရှိတဲ့ ကတုတ်ကျင်းတွေ တူးနေတာဖြစ်ပြီး ဘန်ကာ ၂၀ ထက်မနည်း ဆောက်နေတာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံ တယောက်က “စကစက တော်လှန်ရေးတပ်တွေ၊ AA တွေ ဝင်လာမှာကို တော်တော်လေး ကြောက်နေတာ။ ဒါ့ကြောင့် အခုလို လုပ်နေတာပါ။ အရင်က လုံခြုံရေးအတွက်ဆို စကစ တပ်တွေ၊ ရဲတွေက ဟိုနားငုတ်တုတ်၊ ဒီငုတ်တုတ်နဲ့ နေနေရတာ” လို့ ပြောပါတယ်။
အဲဒီ ပုသိမ်အကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်က အကျဉ်းထောင် ညွှန်ကြားရေးမှူးချုပ် မျိုးဆွေ နဲ့ ဒုညွှန်ကြားရေးချုပ် နိုင်ဝင်း တို့လာပြီး စစ်ဆေးကာ ညွှန်ကြားခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ထောင်ဝန်းကျင်မှာ ကတုတ်ကျင်းတွေ တူးနေတဲ့အပြင် CCTV ကင်မရာတွေကို ထပ်မံတပ်ဆင်ဖို့၊ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို စနစ်တကျ စစ်ဆေးအသုံးပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။