
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တာမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကိုတော့ နှောင်ဇာတ်ကားနဲ့ အကယ်ဒမီ နေတိုးက ရရှိပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ အကယ်ဒမီ ဝတ်မှုံရွှေရည်က တိမ်ပန်းချီ ဇာတ်ကားနဲ့ ရရှိပါတယ်။
အခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ ဘိုးတော်ကင်းဇာတ်ကားနဲ့ ခြူးလေးက ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ အေးချမ်းမောင်က မီးဇာတ်ကားနဲ့ ဆွတ်ခူးရရှိသွားခဲ့တာပါ။
အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုကိုတော့ အိပ်မက်ကာရန် ဇာတ်ကားနဲ့ ဒါရိုက်တာ ဝင်းလွင်ထက်က ရရှိသွားခဲ့ပါတယ်။
အခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကိုတော့ တိမ်ပန်းချီဇာတ်ကားနဲ့ အေး သီရိကိုက ရရှိခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုတော့ ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင် ဇာတ်ကားနဲ့ Taurus V ရုပ်ရှင်ထုတ်လုပ်ရေးက ရရှိခဲ့တာပါ။
အခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ဇာတ်ကားနဲ့ ကောင်းဇံက ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကိုတော့ ‘အိပ်မက်ကာရန်’ ဇာတ်ကားနဲ့ ဓိရာမိုရ်က ဆွတ်ခူးရရှိခဲ့တာပါ။
အကောင်းဆုံးရုပ်ရှင်အသံဆုကိုတော့ မီးဇာတ်ကားနဲ့ အောင်မျိုးမြတ်နဲ့ ရဲဝင်းတို့က ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကိုတော့ ‘နှောင်’ဇာတ်ကားနဲ့ အာကာကျော်တို့က ရရှိခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ်မှာ ရုပ်ရှင် အထူးဆုအနေနဲ့ အထူးပြုမိတ်ကပ်ဆုအဖြစ် လုံလုံ (လင်္ကာဒီပ)က နှောင် ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
ဒီနှစ် အကယ်ဒမီဆုပေးပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက် ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်တသက်တာဆုကိုတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးတွေဖြစ်ကြတဲ့ ထပ်ဆင့် အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီ ခင်သန်းနု၊ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကြည်စိုးနဲ့ ဒါရိုက်တာ မောင်နှင်းမိုးတို့ကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ရုပ်ရှင်ဇာတ်ကား ၄၉ ကား ရုံတင်ပြသခဲ့သလို အဲဒီထဲက ဆန်ခါတင်ရုပ်ရှင် ၁၈ ကားကို ရွေးချယ်ပြီးတော့ အကယ်ဒမီထူးချွန်ဆုတွေ ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို တက်ရောက်လာကြသူတွေထဲက အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆု Myanmar Academy Fashion Award ဆုတွေကိုတော့ အကယ်ဒမီ ရန်အောင်၊ စိုးမိုးကြည်၊ ထက်အောင်ရှိုင်းနဲ့ နန်းစုရတီစိုးတို့က ရရှိသွားတာပါ။