
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ဆီကို စစ်ကောင်စီက စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ရေကြည်မြို့နယ်က ကျေးရွာတချို့မှာ အာရက္ခတပ်တော် AA၊ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ စတင်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၈ ရက်က စလို့ ရေကြည်မြို့နယ်ဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ်က ကုန်တင်ကားသမားတယောက်က “ရေကြည်ဘက်ကို ဘယ်ကနေ ကုန်ပစ္စည်းတွေ သယ်သယ် သယ်ခွင့်မပေးတာ။ စက်သုံးဆီနဲ့စားသောက်ကုန်တွေကို အဓိက စစ်ဆေးပိတ်ပင်နေတာ။ တချို့ကုန်စည်တွေ ရေကြည်ဘက် ပြတ်လပ်နေပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီက ရေကြည်ဘက်ကို ကုန်စည်တွေမရောက်စေဖို့အတွက် ရေကြည်- ပုသိမ်၊ ရေကြည်-ဂွ၊ ရေကြည်- ငါးသိုင်းချောင်း၊ ရေကြည်-ကျောင်းကုန်း လမ်းမတွေမှာပါ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ရေကြည်မြို့ခံ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က “စစ်ကောင်စီက အကန့်အသတ်နဲ့တောင် ခွင့်မပြုပေးဘူး။ ရေကြည်ဘက်သွားတဲ့ကုန်ကားဆို အကုန်စစ်ဆေးဖမ်းနေတာ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ် PDF တွေနဲ့ တိုင်းရင်သားတပ် AA တို့ဆီ ကုန်စည်မရောက်စေဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ကုန်စည်သယ်ယူခွင့်ကန့်သတ်ထားတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအဖွဲ့နဲ့ AA ကို မထိခိုက်ဘဲ ဒေသခံတွေပဲဒုက္ခရောက်ပြီး ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ AA က စတင်တိုက်ခိုက်ချိန်မှာ ရခိုင်တပြည်နယ်လုံးကို ကုန်စည်ဝင်မဝင်ရောက်နိုင်အောင် စစ်ကောင်စီက ပိတ်ဆို့ခဲ့ဖူးပါတယ်။