Home
မြန်မာသတင်း
စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာ ၂၁ သန်း ထပ်မံထုတ်ရောင်း
DVB
·
February 13, 2025

ပြင်ပဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာချိန် စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်း တဒေါ်လာကို ၃,၅၉၃ ကျပ်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်း‌ကျော်ကို ဖေဖော်ဝါရီ ၁၁ ရက်က ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်‌တွေကို ဒေါ်လာ ၂၁ သန်း ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်အပြီး အဲဒီနေ့မှာပဲ ထုတ်ရောင်းပေးခဲ့တာပါ။

နိုင်ငံခြားငွေဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခု ဖေဖော်ဝါရီလ သီတင်းနှစ်ပတ်ဝန်းကျင်အတွင်း ဒေါ်လာ ၄၅ သန်းဝန်းကျင် ထုတ်ရောင်းထားပြီး ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးက ဆက်တိုက် ပြန်ကျဆင်းနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း စစ်ကောင်စီ ဗဟိုဘဏ်ဟာ အမေရိကန်‌ဒေါ်လာ သန်း ၁၀၀ ကျော် ထုတ်ရောင်းခဲ့ပါတယ်။

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်းကတော့ ဇန်နဝါရီ ဒုတိယပတ်က တဒေါ်လာကို ၄,၇၀၀-၄,၈၀၀ ကျပ်အထိ ရောက်ခဲ့ပြီး ဒီနေ့မှာ ၄,၄၄၀-၄,၅၅၀ ကျပ်ကို ပြန်ကျဆင်းနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပြည်တွင်း နိုင်ငံခြားငွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၁၁ ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစည်းအဝေးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်း နိုင်ငံခြားငွေ အခက်အခဲတွေ၊ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်တာတွေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အရင်က ပြည်ပချေးငွေတွေ၊ ထောက်ပံ့ငွေတွေနဲ့ ကုန်သွယ်မှုမဟုတ်တဲ့ ကဏ္ဍကရတဲ့ ငွေတွေနဲ့ နိုင်ငံခြားငွေ ရရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ပြည်ပချေးငွေ၊ ထောက်ပံ့ငွေတွေ မရတော့တာကြောင့် CMP လုပ်ငန်းတွေ၊ ပြည်ပ အလုပ်သွားလုပ်တဲ့လူတွေဆီက နိုင်ငံခြားငွေတွေ ပိုရအောင် လုပ်ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုကနေလည်း နိုင်ငံခြားငွေ ပိုမိုရရှိအောင် ဆောင်ရွက်ကြဖို့လည်း တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေကို ပြောကြားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013