Home
မြန်မာသတင်း
အေဂျင်စီများကို လိုင်စင်ကြေးထပ်တိုးပြီး လုပ်သားစေလွှတ်ခွင့် ထပ်မံကန့်သတ်မည်ဟု သတင်းထွက် 
DVB
·
February 16, 2025

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စစ်ကောင်စီကို လိုင်စင်ကြေး ထပ်တိုးပေးဆောင်ရဖွယ်ရှိပြီး အလုပ်သမားစေလွှတ်ခွင့် ဦးရေ ကန့်သတ်ခံရနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

စစ်ကောင်စီက အလုပ်သမားဝန်ကြီးအသစ် အစားထိုးခန့်လိုက်ပြီးနောက်မှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပလုပ်သားစေလွှတ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ကိုင်တာ ပိုလုပ်လာတာလို့ ဆိုပါတယ်။ 

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက လိုင်စင်ကြေးကျပ်သိန်း ၅၀၀၀ အထိ ပေးသွင်းရမယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေကြားထဲ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။  

စစ်ကောင်စီ အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံခဲ့ပြီးနောက် လိုင်စင်ကြေး တိုးမြှင့် ပေးဆောင်ခိုင်းတဲ့ သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။ 

ဒါပေမဲ့ လိုင်စင်ကြေးထပ်တိုးပေးသွင်းရမဲ့ အခြေအနေရှိပေမဲ့ ဘယ်လောက်ဆိုတဲ့ နှုန်းထားဆိုတာ အတိအကျ ထွက်လာတာမရှိသေးဘူးလို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

“ငွေအတိအကျမပြောပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အတိအကျ ဘာမှထွက်မလာသေးဘူး။ စေလွှတ်လုပ်သား ကန့်သတ်မယ်ဆိုတာကလည်း အခု ယောကျ်ားလေးတွေကို စကန့်သတ်နေတာပဲလေ။”

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ၁ နှစ်ကို ထိုင်းနဲ့ ဂျပန်နိုင်ငံဆီ လုပ်သား ၂၀၀ စီနဲ့ မလေးရှားကို လုပ်သား ၁၀၀ ပဲ စေလွှတ်ခွင့်ပေးတော့မယ်ဆိုပြီးလည်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ 

သတင်းတွေ ထွက်နေသလို လိုင်စင်ကြေးထပ်တိုးပေးသွင်းရပြီး လုပ်သားခွဲတမ်းနဲ့ပဲ လွှတ်ခွင့်ရမယ်ဆိုရင် အေဂျင်စီတွေ လုပ်ငန်းရပ်ဆိုင်းတာ ပိုများလာမယ်လို့ အေဂျင်စီလုပ်ငန်းရှင်တွေက ဆိုပါတယ်။  

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က  “အခုလည်း အေဂျင်စီတချို့ လုပ်ငန်းရပ်နေကြပြီ၊ လုပ်ငန်းစဥ်မပြတ်သေးတဲ့ သူတွေလည်း အားလုံးပြီးပြတ်ရင် ထပ်ရပ်ဖို့ ရှိတယ်။ တင်းကျပ်တာတွေ များလာတာနဲ့အမျှ တောင့်ခံနိုင်ဖို့က မလွယ်ဘူး။ တချို့ကတော့ အာမခံကြေး၊ လိုင်စင်ကြေး ပြန်ထုတ်မရမှာစိုးလို့ အခြေအနေ စောင့်ကြည့်နေရတဲ့သဘော ရှိတယ်” လို့ ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် သက်သေခံကတ်လုပ်ပေးတာ ရပ်နားထားပြီး အလုပ်ထွက်လုပ်ခွင့် ပိတ်ထားပါတယ်။

အမျိုးသမီးတွေကိုပဲ ပြည်ပထွက်အလုပ်လုပ်ခွင့် ဆက်ခွင့်ပြုထားပေမဲ့ အေဂျင်စီအလိုက် စေလွှတ်ခွင့်လုပ်သားဦးရေကို ထပ်ပြီးကန့်သတ်မယ့်သတင်းတွေ ထွက်နေတာလည်းဖြစ်ပါတယ်။  

ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိပြီး ပြည်ပထွက်ခွင့်ကန့်သတ်တာတွေ မလုပ်ခင်အထိ တလကို လုပ်သား ၁၀၀၀၀ နီးပါး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013