Home
မြန်မာသတင်း
စစ်ကောင်စီနှင့် TNLA ဆွေးနွေးနေချိန် တောင်ခမ်းတွင် တိုက်ပွဲပြင်းထန်  
DVB
·
February 17, 2025

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ တရုတ်နိုင်ငံမှာ ဆွေးနွေးနေချိန် နောင်ချိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စီစဉ်ပေးမှု‌ကြောင့် TNLA နဲ့ ‌စစ်ကောင်စီတို့ဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်တွေ့ဆုံခဲ့ပြီးနောက် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးက နားရှိုးရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေယာဉ်နဲ့လည်း ဗုံးအဆက်မပြတ်ကြဲပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

TNLA စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းထိုးတယ်။ လက်နက်ကြီး၊ လေယာဉ်နဲ့ လာပစ်တယ်။ တိုက်ပွဲက နေ့တိုင်းရှိတယ်။ ဒီနေ့လည်းရှိတာပဲ”လို့ ပြောပါတယ်။

တောင်ခမ်းကအမြောက်တပ်‌တွေထဲက ၂ ခုကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းပြီး ပြန်လည်ရယူသွားတဲ့ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ကစပြီး အဆိုပါအမြောက်တပ်တွေကို TNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားခဲ့တာကြောင့် တောင်ခမ်းမှာ ထိတွေ့မှုတွေမကြာခဏဖြစ်ပေါ်နေတာပါ။  

TNLA နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကူမင်းမြို့ကို စတင်ရောက်ရှိချိန်က နောင်ချိုမြို့ရွာ ၄ ရွာကို တောင်ခမ်းအမြောက်တပ်တွေက ဗုံးသီးရာချီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို  နာဆွေကျေးရွာကိုလည်း ဗုံးအလုံး ၄၀ နီးပါးကြဲချကာတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း ကိုးကန့်တပ်မတော်- MNDAA နဲ့ သဘောတူညီမှု ရရှိထားတဲ့ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့် သဘောဆောင်ပြီး တောင်းခမ်းရွာ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ထိုးစစ်တွေ ပိုလုပ်လာပြီး လေကြောင်းပိုမိုအသုံးပြုကာ တိုက်ခိုက်နေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013