
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက် ပေးနေတဲ့ “ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ ရုံးခန်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်က ထိုင်းအာဏာပိုင်တွေ လာရောက်စစ်ဆေးပြီး ရုံးမှာရှိတဲ့သူတွေကို ဒဏ်တပ်ကာ ရုံးကိုလည်း ပိတ်သိမ်းဖို့ ပြောခဲ့ပါတယ်။
စမွတ်စခွန်း ဒုမြို့နယ်မှူး၊ နယ်မြေခံရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ အဖွဲ့ဟာ မနေ့မနက် ၆ နာရီကတည်းက သူတို့ရုံးခန်းကိုရောက်လာပြီး စစ်ဆေးတယ်၊ AAC မဟာမိတ်အဖွဲ့ဟာ ထိုင်းအစိုးရထံမှာ တရားဝင်မှတ်ပုံတင်ထားတာမဟုတ်လို့ ရုံးကိုပိတ်ခိုင်းသလို အခက်အခဲအမျိုးမျိုးနဲ့ ရုံးမှာ လာရောက်တိုင်ကြား ခိုလှုံနေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကိုလည်း အထောက်အထားတွေ စစ်ဆေးခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။
“ကျနော်တို့အဖွဲ့အစည်းက တရားဝင်မှတ်ပုံတင်ထားတာမဟုတ်ဘူးဆိုပြီး ဒုမြို့နယ်မှူး ကိုယ်တိုင်က ပိတ်သိမ်းခိုင်းတယ်။ ပြီးတော့ အခက်အခဲအမျိုးမျိုးနဲ့ ရုံးမှာ ခေတ္တခဏ လာရောက်ခိုလှုံနေတဲ့ အလုပ်သမားတွေကိုလည်း စစ်တယ်၊ သူတို့ကတော့ အများအားဖြင့် MOU စာချုပ်နဲ့ ဝင်လာပြီး ဒီရောက်မှ အလုပ်အကိုင်မရှိတဲ့လူတွေ၊ လုပ်ငန်းခွင်မှာ အခွင့်အရေးချိုးဖောက်ခံရတာနဲ့၊ လုပ်ငန်း ခွင်မှာ ထိခိုက်ဒဏ်ရာရပြီး အလုပ်မလုပ်နိုင်တဲ့လူတွေ ပါပါတယ်၊ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်။”
AAC မှာ လာရောက်ခိုလှုံသူတွေဟာ အထောက်အထားရှိပေမဲ့ နေရပ်လိပ်စာ ပြောင်းလဲကြောင်း အကြောင်းမကြားထားတာကြောင့် ပတ်စပို့နဲ့ နေထိုင်ခွင့်လက်မှတ်တွေ သိမ်းသွားတယ်၊ အလုပ်သမားတွေက တယောက်ကို ဘတ် ၄,၀၀၀ စီနဲ့ အိမ်ရှင်က ဘတ် ၁,၆၀၀ ပေးဆောင်ပြီးမှ အဲဒီအထောက်အထားတွေ ပြန်ရမယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ မနက် ၆ နာရီကတည်းက ရောက်လာပြီး နေ့ခင်း ၁၂ နာရီကျော် ၁ နာရီထိုးခါနီးမှ ပြန်သွားတယ်၊ ဒီကြားထဲမှာ အလုပ်သမားရုံးက တာဝန်ရှိသူတွေ၊ ထိုင်းသတင်းထောက်တွေ တဖွဲ့ပြီးတဖွဲ့ လှမ်းခေါ်ပြီး သတင်းစာရှင်းပွဲလုပ်တယ်၊ AAC မဟာမိတ်အဖွဲ့အနေနဲ့ အလုပ်သမား အခက်အခဲတွေကို ကူညီပေးနေတာပါလို့ပြောတော့ သူတို့က အထောက်အထားရှိတဲ့ သူတွေကိုပဲ ကူညီပါ၊ အထောက်အထားမရှိရင် မကူရဘူးလို့ ပြောတယ်၊ အထောက်အထားရှိရင် ကူညီခွင့်ရှိပေမဲ့ ရုံးခန်းတော့ ပေးမဖွင့်ဘူးဆိုတော့ ဘယ်လို အလုပ်လုပ်ရမလဲလို့ ဦးခိုင်ကြီးက ပြောပါတယ်။
ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင်အသင်းဖွဲ့စည်းခွင့် မရှိတာကြောင့် ခုလို အခက်အခဲဖြစ်နေတာပါ။
AAC မဟာမိတ်အဖွဲ့အနေနဲ့ ခုလိုအခက်အခဲတွေကြားကနေ အလုပ်သမားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ခဲ့တယ်၊ အရင်ကလည်း တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ရုံးခန်း ပိတ်သိမ်းခိုင်းတာရှိတယ်၊ ညှိနှိုင်းပြီးနားလည်မှုနဲ့ ပြန်ဖွင့်ခဲ့တယ်၊ ဒီတကြိမ်ကတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာပိတ်ခိုင်းတော့ မလွယ်လောက်ဘူး၊ ဥပဒေအရ ရုံးဖွင့် ထားတာဟာ တရားမဝင်ဖြစ်ပေမဲ့ လူ့အခွင့်အရေးရှုထောင့် အရဆိုရင် ရုံးကို ဖွင့်လှစ်ခွင့် ပြုသင့် တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အမြောက်အမြား ဝင်ရောက်နေထိုင်ပြီး ခုတလော တားမြစ်ထားတဲ့ အလုပ်အကိုင်တွေ ဝင်လုပ်တာ၊ အလုပ်သမားလူငယ်တွေ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားတာ၊ ဒေသခံ ထိုင်းလူမျိုးတွေနဲ့ ပြဿနာဖြစ်တာရှိနေပါတယ်။
မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်ထဲမှာဆိုရင် အစ္စရေးနိုင်ငံသားတွေ ထောင်နဲ့ချီ ဝင်ရောက်နေထိုင်ပြီး အလုပ်ဝင်လုပ်နေတဲ့ ပြဿနာတွေကြောင့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ် ဖမ်းဖိတ် ခေါ် ဘစ်သိုင်က တရားမဝင်နိုင်ငံခြားသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ ဖေဖော်ဝါရီ ၁၇ ရက်က ခရိုင်မြို့နယ် အသီးသီးရှိ လဝကနဲ့ ရဲတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်။
Source: AAC မဟာမိတ်အဖွဲ့ ၊ The Nation