Home
မြန်မာသတင်း
မော်လမြိုင်တွင် နိုင်ငံသားစိစစ်ရေးစမတ်ကတ်တခုကို ကျပ် ၃၀၀၀ ပေးရ 
DVB
·
June 24, 2025
Photo: MOI

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေကို လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအစား စမတ်ကတ် (အိုင်တီ) ပြောင်းလဲပြုလုပ်ပေးနေရာမှာ ငွေကြေးကောက်ခံနေတယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားအစား စမတ်ကတ် (အိုင်တီ) ပြောင်းလဲပြုလုပ်ပေးရာမှာ စာရွက်စာတမ်းခအဖြစ် တယောက်ကို ငွေကျပ် ၃,၀၀၀ နှုန်း ကောက်ခံနေတယ်လို့ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။

“ရပ်ကွက်ရုံးမှာ မနေ့ကတည်းက လာလုပ်ပေးနေတာ။ လူတယောက်ကို ၃,၀၀၀ နှုန်း တောင်းတယ်။ ကျနော့အစ်ကိုတုန်းက မှတ်ပုံတင်ရုံးမှာ သွားလုပ်တာ ဖောင်ဖြည့်ဖို့ စာရွက်အတွက် တစောင်ကို ၁၀၀ ပဲပေးရတယ်။ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုစာရင်း မိတ္တူပေးရတယ်။ သူတို့ပြောတာက လာမယ့်ရွေးကောက်ပွဲအတွက် မဲပေးတဲ့နေရာမှာ လွယ်ကူမြန်ဆန်အောင်လို့တော့ ပြောတယ်။”

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစပိုင်းမှာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုပြီးနောက်ပိုင်း ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်တွေနဲ့ တွေ့ဆုံညှိနှိုင်းအစည်းအ‌ဝေးမှာ “မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တမျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မွန်ပြည်နယ်မှာ ပန်းခင်းစီမံချက်နဲ့ လျာထားတဲ့ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေတယ်” လို့ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့ပါတယ်။

အဲဒီ စမတ်ကတ်ပြုလုပ်ရာမှာ လက်ဗွေရာတွေနဲ့ မျက်လုံးကို စကင်ဖတ် မှတ်တမ်းယူတာ၊ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းတာတွေ ပြုလုပ်ခဲ့ရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီပြုလုပ်မယ့် တရားမျှတမှုမရှိတဲ့ အထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တာမျိုး မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013