Home
မြန်မာသတင်း
ကရင်နီ၊ လွိုင်လင်လေးကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၄ ဦး ဒဏ်ရာရ
DVB
·
June 23, 2025

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်းက ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခလရ ၅၃၀ တပ်ကနေ ၆၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်လာတယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေး တာဝန်ခံက “ဟုတ်ပါတယ်။ တိုက်ပွဲမရှိဘဲ စကစ လျှောက်ပစ်တာပါ။ ထိတာက ဒေသခံပါဗျ” လို့ ပြောပါတယ်။

လက်နက်ကြီးက လွိုင်လင်လေးမြို့နယ် အရှေ့ဘက်က ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ယောက်၊ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ၁ ယောက်၊ အသက် ၁၈ နှစ်နဲ့ ၁၄ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပေါ်တင်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ လုံခြုံရေးအသိနဲ့ သွားလာကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းထားပါတယ်။

ဇွန် ၂၂ ရက်နေ့ ညနေမှာလည်း ဒီးမော့ဆိုမြို့နယ် တဝိုက်ကို စစ်ကောင်စီ လေယာဥ်အချိန်အတော်ကြာဝဲနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူ ၇၄၆ ယောက်အထိ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က ဇွန် ၁ ရက်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024