
နေပြည်တော်မှာ စစ်ကောင်စီက ဒုတိယအကြိမ်အဖြစ် ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လုံခြုံရေးတွေ ကြိုတင်တိုးမြှင့်ထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီဆွေးနွေးပွဲဖွင့်ပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်သွားဖို့ရှိနေပြီး လုံခြုံရေးတွေကိုတော့ အခုကတည်းက တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အခုနှစ် မတ်လကလည်း နေပြည်တော်ရှိ MICC 2 ခန်းမမှာ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk ကို ပြုလုပ်ခဲ့သေးပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ MICC 2 နားတဝိုက်ကို ရဲနဲ့ ပြည်သူ့စစ်လုံခြုံရေးတွေ အင်အားတိုးထားတယ်လို့ နေပြည်တော် ဒေသခံက ပြောပါတယ်။
ဒီတကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ခေါ်ယူကျင်းပနေပေမဲ့ မြန်မာနိုင်ငံဒေသအနှံ့ စစ်ကောင်စီတပ်တွေက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး ရွာမီးရှို့မှုတွေကို ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲမဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုသာ ခေါ်ယူတွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေနဲ့တော့ တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး။