Home
မြန်မာသတင်း
မန္တလေးမှ စစ်ကိုင်းသို့ပို့မည့် ကျပ်သိန်း ၉,၂၀၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ
DVB
·
June 22, 2025
Photo : CINCDS

မန္တလေးကနေ စစ်ကိုင်းကို ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူတွေကို ငွေကျပ်သိန်း ၉,၂၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့ ဖမ်းမိတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေက ဇွန် ၂၂ ရက်မှာ ဖော်ပြပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ပူးပေါင်းအဖွဲ့ဟာ ဇွန် ၁၀ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်နားမှာ မန္တလေးကနေ ကလေးမြို့ကို ကျော်စွာလင်း မောင်းနှင်လာတဲ့ Pajero ကားကို သတင်းအရစစ်ဆေးရာမှာ ကားပေါ်ပါလာတဲ့ မွေ့ရာ ၂ ခုထဲမှာ ဖွက်ပြီးသယ်လာတဲ့ ပလပ်စတစ်ဆပ်ပြာခွက် ၆၉၃ ခွက်ထဲက ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ  ၉၃  ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ရဲ့ ဝက်ဘ်ဆိုက် CINCDS က ဆိုပါတယ်။

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ ည  ၉  နာရီခွဲအချိန်မှာ မူးယစ်ဆေးဝါးတွေတင်ပေးခဲ့သူ ကျော်ကြီး(ခ)ကျော်မင်းအောင်ကို အောင်မြေသာစံမြို့နယ်၊ ၈၈(A)လမ်း၊ ၂၂ x ၂၃ လမ်းကြားက ကားဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူရဲ့ဖော်ထုတ်ချက်အရ ဇွန် ၁၁ ရက်နေ့ မနက် ၉ နာရီက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၂ ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားက သန်းသန်းမိုးရဲ့ နေအိမ်ကို ရှာဖွေရာမှာ မွေ့ရာ ၅ ခုထဲမှာ ဖွက်ထားတဲ့ ပလတ်စတစ်ဆပ်ပြာခွက် ၁,၉၃၆ ထဲက ဘိန်းဖြူမှုန့်အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေ ၅ နာရီမှာ မူးယစ်ဆေးဝါးတွေလာပို့ပေးတဲ့ မအေးမြင့်(ခ)မလု ကို ဆက်လက်ဖမ်းဆီးရမိခဲ့သလို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်တွေအရ မန္တလေးကနေ ကလေးကို ဘိန်းဖြူတွေ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး(ခ)ဒေါ်အုန်း ကို ဇွန် ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်တင်ဦး (ခ) ဒေါ်အုန်း၊ သူ့ရဲ့သားဖြစ်သူ ဟိန်းလတ်နဲ့ဇနီး အေးအေး အောင်(ခ)မပိ တို့ ၃ ယောက်ဟာ အုန်းချောနယ်မြေရဲစခန်းကနေ ပြီးခဲ့နဲ့နှစ်က မူးယစ်အမှုနဲ့ အလိုရှိ တရားခံပြေးတွေဖြစ်ပြီး အခုဖမ်းဆီးရခဲ့တာက ငွေကျပ်သိန်း ၉,၂၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဖမ်းမိထားသူတွေကို အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဇွန် ၁၀ ရက်နေ့ကလည်း ပဲခူးတိုင်း ဝေါမြို့နယ်မှာ ငွေကျပ် သန်း ၃၇၅၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo : CINCDS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013