Home
မြန်မာသတင်း
တရားမဝင်ကုန်စည် ကျပ်သိန်း ၃,၈၀၀ ကျော်ဖိုး စစ်ကောင်စီ ဖမ်းဆီး  
DVB
·
June 23, 2025

ပြီးခဲ့တဲ့ ၃ ရက်အတွင်း ရန်ကုန်နဲ့ စစ်ကိုင်းတိုင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကနေ စားသောက်ကုန်၊ လူသုံးကုန်နဲ့လုပ်ငန်းသုံးပစ္စည်း တန်ဖိုး ကျပ်သိန်း ၃,၈၀၀ ကျော်နဲ့ ကား၊ ဆိုင်ကယ် အစီးရေ ၆၀ ကျော်ကို တရားမဝင်ကုန်ပစ္စည်းဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဇွန် ၂၂ ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဇွန် ၂၀ ရက်က ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ပူးပေါင်းအဖွဲ့က ဘားအံမြို့နယ်၊ ဇာသပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သာမညကနေ မော်လမြိုင်ကို သွားမယ့်ကားပေါ်ကနေ စာရွက်စာတမ်း အထောက်အထားမပြနိုင်တဲ့ စားသောက်ကုန် ၂ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀ နဲ့ ပစ္စည်းတင်လာတဲ့ Isuzu Truck တစီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၅၀ ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် တရုတ်လှဘက်ခြမ်းမှာလည်း ဘားအံကနေ ရန်ကုန်ကို သွားမယ့် ကားပေါ်ကနေ စားသောက်ကုန် ၂ မျိုး၊ လူသုံးကုန်ပစ္စည်း ၁ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃ သိန်း၊ ပစ္စည်းတွေတင်လာတဲ့ KIA PREGIO ကား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀၀ ကို သိမ်းဆည်းခဲ့ပါတယ်။

မွန်ပြည်နယ်မှာလည်း သံလွင်တံတား(မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကားတစီးပေါ်ကနေ စားသောက်ကုန် ၅ မျိုး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၂ သိန်းကျော်နဲ့ ပစ္စည်းတင်လာတဲ့ Mitsubishi Fuso Truck ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၀၀ ကို သိမ်းဆည်းခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာလည်း စားသောက်ကုန် ၁ မျိုး ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆ သိန်းကို သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန် ၂၀ ရက်မှာပဲ ရန်ကုန် အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာတလုံးထဲကနေ စာရွက်စာတမ်းမပြနိုင်တဲ့ လုပ်ငန်းသုံးပစ္စည်း ၁ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈ သိန်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံကနေ ကုမ္ပဏီက စွန့်လွှတ်ကြောင်း တင်ပြလာတဲ့ လုပ်ငန်းသုံးပစ္စည်း ၂ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ သိန်းကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့ ရေပူစမ်းလမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မူဆယ်ကနေ လားရှိုးကို လာတဲ့ ကားတစီးပေါ်ကနေ လူသုံးကုန်ပစ္စည်း ၃၁ မျိုး၊ စားသောက်ကုန် ၅ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁,၁၂၀ ကျော်၊ ပစ္စည်းတင်လာတဲ့ Dong Feng Truck တစီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၀၀ ကို သိမ်းဆည်းခဲ့ပါတယ်။

အကောက်ခွန်ဌာနနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇွန် ၁၈ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းကနေ မြန်မာကို လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ဆီက စာရွက်စာတမ်းမပြနိုင်တဲ့ လုပ်ငန်းသုံးပစ္စည်း ၄ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃ သိန်းကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၃ ရက်အတွင်း အမှုတွဲ ၁၈ မှု ဖမ်းဆီးခဲ့ပြီး ဇွန် ၂၀ ရက်ကလည်း ရဲတွေက လိုင်စင်မဲ့ကား ၁၃ စီး၊ ဆိုင်ကယ် ၄၅ စီးကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013