Home
မြန်မာသတင်း
မော်လမြိုင်တွင် နေအိမ် ၁ အိမ် ဓားပြတိုက်ခံရ
DVB
·
September 11, 2025
Photo - Social Media

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ တက္ကသိုလ်ဖြတ်လမ်း၊ လမ်းသွယ် ၃ ရှိ အိမ်အမှတ် ၅ မှာ စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်အစောပိုင်းက ဓားပြတိုက်ခံခဲ့ရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ တက္ကသိုလ်ဖြတ်လမ်း၊ လမ်းသွယ် ၃ ရှိ အသက် ၃၆ နှစ်အရွယ် ဦးကျော်သူရရဲ့ နေအိမ်ကို ဒီနေ့မနက် ၂ နာရီကျော်က မျက်နှာဖုံးစွပ်လူ ၃ ယောက် ဝင်ရောက်ကာ ငွေစက္ကူနဲ့ ရွှေထည်ပစ္စည်းတချို့ ခြိမ်းခြောက် ယူဆောင်သွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“အိမ်ရှင်ပြောပုံအရ ဘောင်းဘီရှည်အမဲနဲ့ ကပ်ဦးထုပ်ဆောင်းပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃ ယောက်က သေနတ်အတိုနဲ့ ဓားတွေကိုင်ဆောင်ပြီး လက်အိတ်အဖြူတွေ စွပ်ထားတယ်လို့ သိရတယ်။ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်ထဲကလို့ ပြောတယ်။ မနက်အစောကြီးဆိုတော့ တရားခံဖမ်းမိတာ မရှိသေးပါဘူး။ အရင်က ဒီဖြစ်စဥ်မျိုး မရှိပါဘူး။”

ဓားပြတိုက်သူ ၃ ယောက်ဟာ ဦးကျော်သူရ နေအိမ်က iPhone 16 pro max ရွှေရောင် တလုံး၊ iPhone 14 pro Deep တလုံး၊ iPad Pro တလုံး၊ မီးလင်းလက်ကောက်တကွင်း ၃ ကျပ်သား၊ မီးလင်းလက်စွပ်တကွင်း ၂ ကျပ်သား၊ မီးလင်းဆွဲကြိုးတကုံး ၂ကျပ်သား၊ မီးလင်းဆွဲကြိုးတကုံး ၃ ကျပ်သား အပါအဝင် ငွေကျပ်သိန်း ၄၀၀ ခန့်တို့ကို ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။

အများပြည်သူလုံခြုံရေးအတွက် Safe City ခေါင်းစဉ်နဲ့ မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေမှာ လူတွေကို မှတ်သားထားနိုင်တဲ့ ကင်မရာတွေ၊ ကားနဲ့ ဆိုင်ကယ်နံပါတ်တွေ ဖတ်လို့ရတဲ့ ကင်မရာတွေအပြင် ၃၆၀ လှည့်ပတ် ကြည့်ရှုနိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်းယူနိုင်တဲ့ ကင်မရာအလုံးရေ ရာနဲ့ချီရှိနေပေမဲ့ လုယက်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပေါ် မြို့ခံတွေကြား ပြောဆိုဝေဖန်နေကြပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့နယ်မှာ မှုခင်းကျဆင်းရေးအတွက် ခေတ္တမော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦး ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကစပြီး လုပ်ငန်းရှင်တွေနဲ့ မြို့ခံတွေကို အသိပညာပေး ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့သေးကြောင်း မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013