
မန္တလေး၊ မဟာအောင်မြေမြို့နယ်က ရွှေနန်းသုခရွှေဆိုင်ကို ဓားပြတိုက်ခဲ့သူ ၆ ယောက်ထဲက အမျိုးသား ၂ ယောက်ကို ဇူလိုင် ၃၁ ရက်ညက တိုက်ရာပါရွှေထည်ပစွည်းတွေအတူ ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓားပြ ၂ ယောက်ကို ပြင်ဦးလွင်မြို့နယ် ကျွဲနွားခြေထောက်ကျေးရွာအုပ်စု တိုးကြီးကုန်းကျေးရွာမှာ ဇူလိုင် ၃၁ ရက် ညပိုင်းက ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ရဲဘက်က ၂ ယောက်ကို ရွှေတွေနဲ့မိထားတယ်။ ရွေတွေအကုန်ပြန်ရမရတော့ မသိဘူး။ ရဲတွေက ရွှေထည်တချို့တဝက်ပဲဖမ်းမိတယ်ဆိုပြီး ဆိုင်ဘက်ကို အကြောင်းကြားထားတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီက ၃၉ လမ်း၊ ၈၄x ၈၅ လမ်းမှာရှိတဲ့ ရွှေနန်းသုခရွှေဆိုင်ကို အမည်မသိအမျိုးသား ၄ ယောက် သေနတ်ပစ်ဖောက်ဝင်လာပြီးနောက် ဝန်ထမ်းတွေကိုထိုးကြိတ်ပြီး ရွှေထည်ပစွည်းတွေနဲ့ဆိုင်ရောင်းရငွေ သိန်း ၃၀ကိုယူသွားတဲ့ ဖြစ်စဉ်က ခေါင်းဆောင်ဖြစ်သူနဲ့ ပါဝင်သူတယောက်ကို ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ဖမ်းမိတဲ့အချိန်မှာ ရွှေတွေရယ် ဓားပြတိုက်တုန်းက အသုံးပြုတဲ့ သေနတ်ကိုပါ ရဲတွေကသိမ်းဆည်းရမိတယ်။ ရဲစခန်းဘက်က စစ်ဆေးနေဆဲပဲ။ ပြင်ဦးလွင်က တယောက်ပါတော့ စစ်တပ်နဲ့ပတ်သက်မှု ရှိ၊ မရှိ ပြင်ဦးလွင်တပ်နယ်ကို လှမ်းအကြောင်းကြားထားတယ်။ စစ်တပ်နဲ့ပတ်သက်လို့ သူတို့ကို အကြောင်းမကြားဘဲဖမ်းရင် စုံခုံစစ်မှာစိုးလို့” လို့ ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်ခိုင်ဝင်း(ခ)မြင့်မြတ်မော် နဲ့ အောင်ကျော်သူ တို့ကို မဟာအောင်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သူကရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က မန္တလေးတိုင်း တံတားဦး၊ အမရပူရ၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ကျောက်ဆည်မြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု ၅ ကြိမ်၊ လုယက်မှု ၅ ကြိမ်ကျူးလွန်ခဲ့တဲ့ နေထက်လင်း ဦးဆောင်တဲ့ ၁၇ ယောက်ဂိုဏ်းကို ရဲတွေကဖမ်းမိခဲ့ပေမယ့် တိုက်ရာပါရွှေနဲ့ငွေတွေ မရဘူးလို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂၁ ရက်က မဟာအောင်မြေမြို့နယ် ဗောဓိကုန်း ကမ္ဘောဇဘဏ် ၃၇ ဓားပြတိုက်ခံရပြီး သိန်း ၁၅၀၀ ပါသွားတဲ့ ဖြစ်စဉ်လည်းရှိပါတယ်။