
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်အရှေ့ကျေးရွာမှာ စစ်ကောင်စီ ရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသား ၄ ယောက်က မေ ၂၉ ရက်က ဓားပြတိုက်ခဲ့ပြီး ပါဝင်တဲ့ ၂ ယောက်ကိုဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၉ ရက်ည ၇ နာရီလောက်မှာ အောက်လှဲဆိပ်အရှေ့ရွာက ဦးထွန်းရီအိမ်ကို ရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့အုပ်စုက လက်နက်ပြခြိမ်းခြောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေသားသိန်း ၆၀ ကျော်နဲ့အတူ ဖုန်း ၄ လုံးပါသွားတယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဓားပြတိုက်မှုကျူးလွန်သူတွေထဲက နှစ်ယောက်ကို သေနတ်အတုတလက်နဲ့အတူ ညတွင်းချင်းဖမ်းဆီးရမိထားတာပါ။ ကျန်နှစ်ယောက်ကတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရတယ်။ ရဲတွေက ရိုက်နှက်ထားတာ သူတို့လည်း ကွဲပြဲနေတာပဲ။ ဟုတ်တယ် ရေတပ်ဝတ်စုံနဲ့” လို့ ပြောပါတယ်။
ကျိုက်လတ်မြို့နယ်က တယောက်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်က တယောက်ဖြစ်ပြီး ဘိုကလေးမြို့နယ် မြင်းကာကုန်းနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဖမ်းမိထားတဲ့ ၂ ယောက်ကို စစ်ကောင်စီတပ်ကိုလွှဲပေး မယ်လို့လည်း ကြားနေတယ်။ သူတို့ကိုစစ်ဆေးချက်အရ ကျန်တဲ့ ၂ ယောက်ဆီမှာ ဓားပြတိုက်ယူထားတဲ့ပစ္စည်းတွေ ပါသွားတာလို့သိရတယ်” လို့ ပြောပါတယ်။
လွတ်မြောက်နေတဲ့ ၂ ယောက်ကို ဖမ်းဆီးရမိရေး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးနေပြီး ဖမ်းဆီးခံထားရတဲ့ ၂ ယောက်ကိုလည်း ပြင်းပြင်းထန်ထန်ရိုက်နှက်စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့နီးစပ်သူဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း၊ ခိုးယူတာ အကြိမ် ၃ဝ ထက်မနည်းဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကိုဖမ်းမိတာမရှိခဲ့ဘူးလို့ တိုင်းစစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။