Home
မြန်မာသတင်း
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ မိုးသက်လေပြင်းတိုက်ခတ်
DVB
·
May 28, 2025
Photo:MFSD

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ မေ ၂၈ ရက်က မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေပြိုကျပြီး လူနေအိမ်နဲ့ စာသင်ကျောင်း တချို့ ပျက်စီးခဲ့ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက  ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်၊ သုမိတ္တာ(၉)လမ်း၊ ဆွမ်းလောင်းဓမ္မာရုံပေါ်သို့ သစ်ပင်လဲကျခဲ့လို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့ဝင်တွေ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

မိုးသက်လေပြင်းတွေကြောင့် ရန်ကုန်တိုင်းအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊  ဒလမြို့နယ်၊ မှော်ဘီမြို့နယ်စတဲ့နေရာတွေမှာလည်း  သစ်ပင်တွေ လဲကျခဲ့ပါတယ်။ 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ ရေကြည်မြို့နယ်တွေမှာလည်း မိုးသက်လေပြင်းတွေကြောင့် သစ်ပင်တွေလဲကျခဲ့ပါတယ်။

အိမ်မဲမြို့နယ်မှာတော့ ဒီနေ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျဉ်းမကုန်းကျေးရွာမှာ လူနေအိမ် ၄ လုံး ပြိုကျပျက်စီးပြီး နေအိမ် ၄ လုံး အမိုးလန်သွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာလည်း  မိုးသက် လေပြင်းတိုက်ခတ်လို့ စာသင်ကျောင်း တကျောင်းနဲ့ လူနေအိမ် တလုံးပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

မေ ၂၈ ရက် မနက်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်တဲ့ ဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ဘိုကလေး၊ ရေကြည်၊ ပုသိမ်၊ ကျိုက်လတ် စတဲ့ မြို့နယ်တွေမှာ သစ်ပင်တွေလဲကျတာ၊ ဓာတ်တိုင်တွေ လဲကျတာတွေ ရှိခဲ့ပါတယ်။

မေ ၂၇ ရက် ညပိုင်းက ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာရှိ အ.လ.က(ခွဲ) ကံကုန်း သင်ကျောင်းနဲ့ ဟေမာန်ညီနောင်ကျေးရွာအုပ်စုရှိ ကမလာ စုကျေးရွာက လူနေအိမ် တလုံး မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင်း ပြိုကျပျက်စီးခဲ့တာလို့ ဒေသခံ တယောက်က ဆိုပါတယ်။

''လေကပြင်းတယ် လေပြင်းဒဏ်ကြောင့် အိမ်ရော၊စာသင် ကျောင်းရောပြိုကျတာ။ ပြိုကျတဲ့ အိမ်က ကမလာစုကျေးရွာက ဒေါ်တင်တင်ဝင်းရဲ့အိမ်လို့သိရတယ်။''

ပြိုကျပျက်စီးခဲ့တဲ့ အ.လ.က(ခွဲ) ကံကုန်း စာသင်ကျောင်းဟာ အရပ်သားတွေ ကိုယ်ထူ ကိုယ်ထဆောက်လုပ်ထားတဲ့ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ၊ သွပ်မိုး၊ ဝါးထရံကာ အဆောက်အဦးဖြစ်ပါတယ်။

မလာစုကျေးရွာက ပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ်ကတော့ အလျား ၁၀ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်ဖြစ် ပါတယ်။

ဧရာဝတီတိုင်းကကူညီကယ် ဆယ်ရေးအဖွဲ့ဝင်တယောက်က ''မိုးတွေရွာလာပြီး ရုတ်တရက် လေပြင်း ဒဏ်ကြောင့်ပျက် စီးခဲ့တာပါ။ နေအိမ်ကလည်း လေပြင်းဒဏ်ကြောင့် လုံးဝပြိုကျတာ။ ကံကောင်းလို့ လူတွေရိစ္ဆာန်တွေထိခိုက် သေဆုံးတာမရှိတာလို့ ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် စာသင်ကျောင်းပြိုကျခဲ့တဲ့အတွက် ကျောင်းဖွင့်ရာသီမှာ ကျောင်းသားတွေ စာသင်ကြားနိုင်ဖို့ ကျေးရွာထဲက ဘုန်းတော်ကြီးကျောင်းမှာယာယီ ဖွင့်လှစ်ကာ ရွှေ့ပြောင်း သင်ကြားသွားဖို့ပြင်ဆင်နေပါတယ်။

နေအိမ်ပြိုကျသွားတဲ့အရပ်သားတွေကိုလည်းနီး စပ်ရာဆွေမျိုးတွေဆီမှာခေတ္တပြောင်းရွှေ့ နေထိုင်နေ တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း အားကောင်းလာကာ  နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံတဝန်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်၊ အထူးအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်း၊ လေပြင်းတိုက်ခတ်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်၊ နေရာကွက် မိုးကြီး လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အထူးဂရုပြုကြဖို့ အကြံပြုထားပါတယ်။

Photo: Myanmar Fire Services Department

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013