Home
မြန်မာသတင်း
ရန်ကုန်တွင် ဗိုလ်မှူးချုပ်ဟောင်း ပစ်ခတ်ခံရပြီးနောက် ဧည့်စာရင်းတိုင်သူများနေ
DVB
·
May 25, 2025

ရန်ကုန်မြို့မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်မှာ စစ်ဆေးတာတွေ တင်းကျပ်လာတာနဲ့အမျှ ရပ်ကွက်တချို့မှာ ဧည့်စာရင်းတိုင်သူတွေ ပိုများလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အားထားရတဲ့  အရာရှိဟောင်းတယောက် လုပ်ကြံခံရတဲ့အတွက် ပစ်ခတ်သူတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးဖို့ နေပြည်တော်က ဖိအားပေးထားတာကြောင့် ရန်ကုန်မြို့မှာ ပိုက်စိပ်တိုက် စုံစမ်းစစ်ဆေးတာတွေ လုပ်နေသလို ဧည့်စာရင်းပိုစစ်မယ်ဆိုတဲ့ သတင်းတွေထွက်နေလို့ ပြည်သူတွေကြားမှာ စိုးရိမ်နေကြတာပါ။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ပုံမှန်နေ့တွေထက်ကို ဧည့်စာရင်းတိုင်တဲ့သူတွေ များတယ်။ ရက်ကျော်နေတဲ့သူတွေလည်း ပြန်လာတိုင်နေကြတာ။ ဧည့်စာရင်းဝင်စစ်ဖို့ ရှိတယ်လို့ သတင်းက ထွက်နေတော့ ရောပါမှာကြောက်ပြီး တိုင်ကြတာ။ ဗိုလ်မှူးချုပ် ပစ်သတ်ခံရတဲ့ ကိစ္စကြောင့်လို့ ပြောနေကြတာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် မရမ်းကုန်းမြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ ရှောင်တခင်စစ်ဆေးတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေ ပိုလုပ်လာသလို ဆိုင်ကယ်၊ ဘေးတွဲတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ဟာ မေ ၂၂ ရက်မနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အေဝမ်းရှိ နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး Golden Valley Warriors က သူတို့လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို ပစ်ခတ်ခံရတဲ့နေရာက စစ်ရုံးနဲ့နီးသလို အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်မြို့ ရောက်နေချိန် ဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့နေရာနဲ့ ဆက်စပ်လမ်းကြောင်းတလျှောက်က CCTV မှတ်တမ်းတွေ ရရှိထားပြီး ပစ်ခတ်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။  Golden Valley Warriors  အဖွဲ့ကတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးသားဖြစ်လို့ မစိုးရိမ်ဖို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013